ရှမ်းနှင့် ရခိုင်တွင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပရန် ညှိနှိုင်းမှု မပြေလည်သေး

 

ရှမ်းနှင့် ရခိုင်ပြည် နယ်တွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရေး ပြေ လည်မှု မရသေးကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အဖွဲ့ ဝင်များက ပြောသည်။ နေပြည်တော်၌ အောက်တိုဘာ ၃၀ ရက်က ကျင်းပသော UPDJC အစည်းအဝေး ပထမနေ့ တွင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပရန် ကျန်နေသည့် ရှမ်းနှင့် ရခိုင်ဒေသ၌  အစည်းအဝေးများကျင်းပနိုင်ရေး ဆွေးနွေးခဲ့ သည်။

UPDJC ကို အစိုးရ၊ နိုင်ငံရေးပါတီနှင့် တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များဖြင့် စုဖွဲ့ထားသည်။ ရခိုင်ဒေသ အခြေအနေအရ ရခိုင်လူမျိုးအလိုက် အမျိုးသားအဆင့် ကျင်းပခွင့်ကို အစိုးရနှင့် တပ်မတော်က လုံခြုံရေးအကြောင်းပြ၍ မပြုလုပ်ရန် မေတ္တာရပ်ခံခဲ့ကြောင်း တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) လက်မှတ်ထိုး ရှစ်ဖွဲ့မှ UPDJC ကိုယ်စားလှယ် ဒေါက်တာ ဆလိုင်းလျန်မှုန်းကပြောသည်။

ရှမ်းလူမျိုးအလိုက် ကျင်းပခွင့်ရသော်လည်း ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) က တောင်ကြီး မြို့တွင် ကျင်းပရန် အဆိုပြုသည့်အပေါ် တပ်မတော်က မိုင်းပန်၌ ကျင်းပရန် ပြန်လည်ဆွေးနွေး၍ ကျင်းပမည့် နေရာ ညှိမရဖြစ်နေကြောင်း ၎င်းကဆိုသည်။ ပြီးခဲ့သည့် မေလက ကျင်းပခဲ့သော ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေးမတိုင်မီ NCA လက်မှတ်ထိုးရှစ်ဖွဲ့အနက် ရခိုင်လွတ်မြောက် ရေးပါတီ(ALP)  နှင့်ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) တို့ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲမကျင်းပနိုင်၍ ညီလာခံ သဘောတူညီချက် ချမှတ်ရာတွင် အခက်အခဲများစွာရှိခဲ့ကြောင်း ဒေါက်တာ ဆလိုင်းလျန်မှုန်းက ပြောသည်။

‘‘အမျိုးသားအဆင့် နိုင်ငံ ရေးဆွေးနွေးပွဲမလုပ်နိုင်သေးတဲ့ အပေါ်မှာ၊ လူထုနဲ့ တိုင်ပင်မှုမလုပ် သေးတဲ့အပေါ်မှာ တချို့သဘော တူညီချက်တွေကို သူတို့အနေနဲ့ သဘောတူဖို့ အခက်အခဲရှိပါ တယ်။ တကယ်လို့ အခုအချိန်မှာ လည်းပဲ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာလည်းပဲ အမျိုးသားအဆင့် မလုပ်နိုင်ဘူးဆိုရင် ယခင်က သဘောတူဖို့ အခက်အခဲရှိနေတဲ့ဟာက ထပ်ပြီးတော့လည်း အခက်အခဲရှိနေမှာပဲ ဖြစ်ပါတယ်။ အဲဒီအတွက် လုပ်ဖို့အရေးကြီး တယ်ဆိုတာကို ကျွန်တော်တို့ ဘက်က တင်ပြပါတယ်’’ဟု ၎င်း က ပြောသည်။

NCA လက်မှတ်ထိုးရှစ်ဖွဲ့အနေဖြင့် ရှမ်းနှင့် ရခိုင်ပြည်နယ်တွင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့် ရရှိရေး၊ မကြာ ခဏ တောင်းဆိုခဲ့သော်လည်း လက်ရှိအချိန်ထိ မပြေလည်ဘဲရှိ နေ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့တိုးနိုင်ရေး အခက်အခဲဖြစ် နေသည်။ RCSS အဖွဲ့ကမူ ၎င်းတို့ အဖွဲ့အနေဖြင့် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ မကျင်းပနိုင် ပါက လာမည့် ၂၁ ရာစု ပင်လုံ တတိယအစည်းအဝေးတွင် အဖွဲ့၏သဘောထားကို တင်ပြနိုင်မည် မဟုတ်သေးဟု ပြောသည်။ ‘‘တောင်ကြီးမှာ ဘာကြောင့် တောင်းဆိုရသလဲဆိုရင် ဒါက တပ်ပိုင်း ဆိုင်ရာ အစည်းအဝေး မဟုတ်ဘူး။ နိုင်ငံရေးပိုင်းဆိုင်ရာ အစည်းအဝေးဖြစ်တယ်။ လူထုနဲ့ ဆွေးနွေးခြင်း ဖြစ်တယ်။ လူထု တွေရဲ့ သွားရေးလာရေးနဲ့ နေရေး ထိုင်ရေးကို အဓိကစဉ်းစားပေးရ မှာ ဖြစ်တယ်’’ဟု RCSS ပြောရေး ဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စိုင်းမိဏ်းက ၎င်းတို့အဖွဲ့၏ သဘောထားကို ပြောကြားထားသည်။ 7day daily