ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် / ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိုင်းဖြတ်မြို့နယ် ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို) ကျောင်း၌ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်


မိုင်းဖြတ် ၊ ဧပြီ ၂

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို) ကျောင်း၌ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်း (၁/၂၀၁၈) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက အဆိုပါ ဘုန်းကြီးကျောင်းရှိ အာယုဒီဃ ဆွမ်းစားကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း၊ ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ် ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ထေရဝါဒတောင်တန်းသာသနာပြု (ဗဟို) ကျောင်း ဆရာတော် ဘဒ္ဒန္တနန္ဒောဘာသထံမှ ပရိတ်သတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ဆက်လက်၍ သံဃာတော်အရှင်သူမြတ်တို့ထံမှ ပရိတ်သတ်များက မေတ္တာသုတ်ပရိတ်တရားတော်များကို နာယူကြသည်။

သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္တုများကို ဆက်ကပ်လှူဒါန်းကြပြီး သင်တန်းသား၊ သင်တန်းသူများကို မြို့နယ်ပညာရေးမှူး ဦးစိုင်းသန်းလူက ဗလာစာအုပ် ၄၂ ဒါဇင်ကို ပေးအပ်လှူဒါန်းခဲ့သည်။ ထို့နောက် ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း၊ အဆိုပါ ယဉ်ကျေးလိမ္မာသင်တန်းကို ၂၀၁၈ ခုနှစ် ဧပြီလ၂ရက်နေ့မှ ဧပြီလ ၂၇ ရက်နေ့အထိ မြန်မာစာ၊ ယဉ်ကျေးလိမ္မာစာ၊ အဘိဓမ္မာ စသည့် ဘာသာရပ်များကို သင်ကြားပေးသွားမည်ဖြစ်ရာ သင်တန်းကာလအတွင်း နေ့စဉ် မနက် ၈ နာရီမှ ၁၀ နာရီအထိ သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းကို မိုင်းဖြတ်တပ်နယ်နှင့် မြို့နယ်များမှ ကျောင်းသား လူငယ်လူရွယ် ၁၆၀ ဦး တက်ရောက်ကြောင်း। သင်တန်းဖွင့်ပွဲအခမ်းအနားသို့ အမှတ် (၁၈) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်၊ စစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် စိုးတင့်နှင့် တပ်ရင်းတပ်ဖွဲ့မှူးများ၊ (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်/ဗဟိုအလုပ် အမှုဆောင်) ဦးလင်းဇော်ထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ပါသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း သတင်းစုံ