သမ္မတသစ်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်ပါဝင်၍ တာဝန်ယူဆောင်ရွက်ရန် ကရင်အမျိုးသားအစည်းအရုံး အကြံပြု

 

နိုင်ငံတော်သမ္မတသစ်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်၍ တာဝန်ယူဆောင်ရွက်ရန် ကရင်အမျိုးသား အစည်းအရုံး(KNU) ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက အကြံပြုသည်။ မတ်လ ၂၃ ရက်က ဒုတိယ သမ္မတအဖြစ် ရွေးချယ်ခံရသည့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးဝင်းမြင့် အပါအ၀င် ဒုသမ္မတသုံးဦးအနက် ဦးဝင်းမြင့် သာလျှင် နိုင်ငံရေးနောက်ခံသမိုင်းကြောင်းနှင့် နိုင်ငံရေးပါတီအရ သမ္မတအဖြစ် ရွေးချယ်ရန် အသင့်တော်ဆုံး ဖြစ်သည်ဟု ယူဆကြောင်း ၎င်းကဆိုသည်။ ‘‘ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဘယ်လိုဆက်ပြီးတော့ တာဝန်ခွဲဝေမလဲ တော့ မသိဘူးပေါ့။ တကယ်လို့ သူကထဲထဲ ၀င်ဝင်ပါနိုင်လို့ကတော့ ကောင်းတဲ့လက္ခဏာတစ်ရပ်ပဲလို့ မြင်တယ်။ သမ္မတဆိုတာ နိုင်ငံတော်မှာ အမြင့်ဆုံး တာဝန်ရှိတဲ့ ပုဂ္ဂိုလ်ကိုး။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာကလည်း သမ္မတ တစ်ယောက်အနေနဲ့ တာဝန်ယူနိုင်တဲ့ အနေအထားရှိလို့ ရှိရင်ကောင်းတယ်’’ဟု ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

 မကြာမီက တာဝန်မှအနားယူခဲ့သည့် သမ္မတဦးထင်ကျော် လက်ထက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကသာ အဓိကဦးဆောင် လုပ်ကိုင်ခဲ့သည်။ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် ၎င်းသည်ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့ပြီး ဒုတိယသမ္မတ(၂)သည် ဒုဥက္ကဋ္ဌ အဖြစ်တာဝန်ယူခဲ့သည်။ ‘‘အခုက သမ္မတ သုံးယောက်လုံး က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဘာမှမပတ်သက်သလိုဖြစ်နေတဲ့ သဘောရှိနေတာကိုး။ အဲဒါကြောင့် ပါနိုင်ရင် ကောင်းတာပေါ့’’ဟု ပဒိုစောကွယ်ထူးဝင်းကပြောသည်။ အစိုးရသစ်လက်ထက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရှေ့ထွက်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ချိန်တွင် သမ္မတ ဦးထင်ကျော်က နောက်ကွယ်မှ ရပ်တည်ခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဦးဆောင် နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက ဆိုသည်။

သမ္မတဦးထင်ကျော်အနေဖြင့် ပြည်ထောင်စုနေ့နှင့် နှစ်သစ်ကူးနေ့ကဲ့သို့ နေ့များ၌ ပြောကြားသည့် သ၀ဏ်လွှာများတွင် ငြိမ်းချမ်းရေးအတွက် လမ်းစဖြစ်သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စကို အခိုင်အမာ ရပ်တည်၍ ထည့်သွင်းပြောကြား ခဲ့သည်ဟု ၎င်းကဆိုသည်။ ‘‘ဒီရပ်တည်ချက်က အင်မတန်မှ ငြိမ်းချမ်းရေးအတွက် အလားအလာပဲ လို့ သုံးသပ်ပါတယ်’’ဟု ဗိုလ်မှူး ကြီးခွန်ဥက္ကာက ပြောသည်။ သမ္မတသစ် ဖြစ်လာနိုင်သည့် ဦးဝင်းမြင့်အနေဖြင့် အပြောင်းအလဲအတွက် ဆုံးဖြတ်ချက်အချို့ကို ပြတ်သားစွာ ချမှတ် မည်ဟု ယူဆကြောင်း ၎င်းက ဆို သည်။

‘‘ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတကြီးဟာ ကာလုံရဲ့ဦးစီးလည်း ဖြစ်တယ်။ နောက်ပြီးတော့ ကာကွယ်ရေး ဦးစီးချုပ်တို့၊ ဘာတို့ကို ခန့်အပ်နိုင်တဲ့ အာဏာရှိတဲ့အ ခါကျတော့ အဲဒါတွေကို တိတိကျကျ သမ္မတဟောင်းက မသုံးခဲ့ဘူး။ လက်ရှိဦးဝင်းမြင့်ဖြစ်လာမယ်ဆိုရင် ဦးဝင်းမြင့်က ဖွဲ့စည်းပုံကိုကိုင်ပြီး သမ္မတလုပ်ပိုင်ခွင့်တွေကို သုံးနိုင်တယ်လို့ ကျွန်တော်ယူဆတယ်’’ ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအောက်မှ မလွတ်သေးချိန်တွင် ၂၀၀၈ ဖွဲ့စည်းပုံအရ သမ္မတ လုပ်ပိုင်ခွင့်များကို ထုတ်ဖော်သုံးစွဲသင့်ကြောင်း ၎င်းက ပြောသည်။ ‘‘အဲဒီလို ထုတ်ဖော်ဖို့အတွက် အခုလက်ရှိဦးဝင်းမြင့်က သမ္မတဖြစ်ခဲ့ရင် ဦးဝင်းမြင့်က ပြတ်ပြတ်သားသား ရဲရဲရင့်ရင့် နဲ့ ရင်ပေါင်တန်းပြီးတော့ နိုင်ငံတော်အတိုင်ပင်ခံက တစ်ဖက်၊ သမ္မတကတစ်ဖက် ရင်ပေါင်တန်း ပြီးတော့ သမ္မတရဲ့ အခွင့်အာဏာနဲ့ ပြုပြင်ပြောင်းလဲရေးတွေကို တွန်းသွားနိုင်မယ်လို့ ကျွန်တော် မျှော်လင့်တယ်’’ ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာကဆိုသည်။ ကချင်လက်နက်ကိုင်အဖွဲ့ (KIO/KIA) ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူကမူ နိုင်ငံတော်သမ္မတ အပြောင်းအလဲနှင့် ပတ်သက်ပြီး ထဲထဲဝင်ဝင် မသိထား၍ မှတ်ချက် ပေးရန် စောသေးသည်ဟု ဆိုသည်။