နှစ်နိုင်ငံရေတပ် ပူးတွဲလေ့ကျင့်ရန် မြန်မာရေတပ်သင်္ဘောများ အိန္ဒိယသို့ရောက်ရှိ

အိန္ဒိယနှင့် မြန်မာရေတပ် လေ့ကျင့်ရေး ၂၀၁၈ (IMNEX-18) တွင် ပါဝင်မည့် မြန်မာနိုင်ငံမှ ရေတပ်သင်္ဘောများ သည် ဝိသာခါပတ်နမ် ဆိပ်ကမ်းမြို့သို့ ရောက်ရှိလာကြောင်း India Today သတင်းဌာနက မတ်လ ၂၅ ရက်၌ ဖော်ပြသည်။ ယင်းရေတပ်ပူးပေါင်းလေ့ကျင့်မှုကို အိန္ဒိယနိုင်ငံ၏ အရှေ့ဘက်ကမ်းရိုးတန်း ကမ်းလွန်တွင် ပြုလုပ်မည် ဖြစ်သည်။ ယင်းစစ် ရေးလေ့ကျင့်မှုကို မတ်လ ၂၅ ရက်မှ ၃၀ ရက်အထိ ဆိပ်ကမ်းအ ဆင့်နှင့် မတ်လ ၃၁ ရက်မှ ဧပြီ ၃ ရက်အထိ ပင်လယ်ပြင်အဆင့်ဟူ ၍ နှစ်ဆင့်ပြုလုပ်မည်ဖြစ်သည်။

ယင်းပူးတွဲလေ့ကျင့်မှုတွင် မြန်မာ့ရေတပ်မှ ဘုရင်ဆင်ဖြူရှင် ဖရီးဂိတ်သင်္ဘောနှင့် အင်းလေး ကမ်းလွန်ကင်းလှည့် သင်္ဘောတို့ ပါဝင်မည်ဖြစ်သည်။ ယင်းစစ်ရေး လေ့ကျင့်မှုက ဆိပ်ကမ်းနှင့် ပင်လယ်ပြင်နှစ်ခုလုံးတွင် နှစ်နိုင်ငံ ရေတပ်များအကြား ပရော်ဖက်ရှင်နယ် အပြန်အလှန်ဆက်ဆံမှု အားကောင်းလာစေရေး ရည်ရွယ်ကြောင်း သိရသည်။ ယင်းလေ့ကျင့်မှုကနေ၍ နှစ်နိုင်ငံရေတပ် များကြား ပူးတွဲစစ်ဆင်ရေး စွမ်းရည်များရရှိရေး လုပ်ငန်းစဉ်ကို စတင်ပေးမည်ဖြစ်သည်။ မြန်မာရေတပ်သည် မကြာမီက ဘလဲယားဆိပ်ကမ်းတွင်ပြုလုပ်သည့် MILAN-18 ရေကြောင်း လေ့ကျင့်မှု၌ ပါဝင်ခဲ့သည်။

အိန္ဒိယရေတပ်မှ ရေငုပ်သင်္ဘောဖျက်လျှို့ဝှက်ဖရီးဂိတ် သင်္ဘော Sahyadri Kamorta တိုက်ခိုက်ရေး သင်္ဘော အသေးစား၊ Chetak ရဟတ်ယာဉ်တစ်စီး၊ အဆင့်မြင့် Hawk လေယာဉ်နှစ်စီး နှင့် ရေငုပ်သင်္ဘောတစ်စီးတို့ပါ ဝင်လေ့ကျင့်မည်ဖြစ်သည်။ ဆိပ်ကမ်းအဆင့်လေ့ကျင့်မှုတွင် ရှင်းလင်းခြင်း၊ လက်တွေ့သရုပ်ပြခြင်း၊ ပညာရပ်ပိုင်း ဆွေးနွေးခြင်း၊ အပြန်အလှန်ဆက် သွယ်ခြင်း၊ သင်္ဘောချင်းကပ်၍ သွားလာခြင်းနှင့် အခြားလေ့ကျင့် မှုများ ပါဝင်မည်ဖြစ်သည်။ ပင်လယ်ပြင် လေ့ကျင့်ရေးအဆင့်တွင် ရေယာဉ်စု ရွေ့လျားနေရာယူမှုများ၊ လက်နက်များ ပစ်ခတ်မှု အပြင်ရေငုပ် သင်္ဘော တားဆီးရေး ပူးတွဲလေ့ကျင့်မှုများ အပါအဝင် ရှုပ်ထွေးသော လုပ်ငန်းစဉ်များ ပါဝင်မည်ဖြစ်သည်။ မြန်မာရေတပ်မှ သင်္ဘောများ ဝိသာခါပတ်နမ်ဆိပ်ကမ်းသို့ ရောက်လာစဉ် အိန္ဒိယရေတပ်က တီးဝိုင်းဖြင့် ကြိုဆို ခဲ့သည်။

—Ref:Indai Today