ကိုရီးယားနှစ်နိုင်ငံ ထိပ်သီးစည်းဝေးပွဲအား တရုတ်အစိုးရကြိုဆို

ပေကျင်း၊ တရုတ်၊ မတ် ၈

နှစ်နိုင်ငံကြား ထိပ်သီးစည်းဝေးပွဲကျင်းပရန် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားတို့ သဘောတူညီမှုရရှိခဲ့ သည့်အပေါ် တရုတ်အစိုးရက   နွေးထွေးစွာကြိုဆိုကြောင်း ဗုဒ္ဓဟူးနေ့က ပြောဆိုခဲ့ပြီး “ကျုပ်တို့အနေနဲ့ သူတို့ကို ကောင်းချီးသြဘာပေးပါတယ်” ဟု အလေးအနက်ပြောဆိုခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင်ကြီး ကင်မ်ဂျုံအမ်းနှင့် တောင်ကိုရီးယားသမ္မတ မွန်းဂျေးအင်တို့သည် လာမည့် ဧပြီလအနှောင်းပိုင်းတွင် တွေ့ဆုံဆွေးနွေးသွားဖို့ရှိသည်ဟု ဆိုးလ်အစိုးရကကြေညာချက်ထုတ်ပြန်ခဲ့အပြီးတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဂန်ရွှမ်က ယခုလိုပြောဆိုခဲ့ခြင်းဖြစ်သည်။

တောင်ကိုရီးယားအစိုးရသည် ၄င်းတို့၏သံတမန်များနှင့်အတူ ပြုံယမ်းသို့ သမိုင်းဝင်ခရီးစဉ်အဖြစ် သွားရောက်ခဲ့ ပြီး နျူကလီးယားနှင့် ဒုံးပျံစမ်းသပ်မှုများကိုရပ်တန့်ဖို့နှင့် ၄င်းတို့၏လုံခြုံရေးကို အမေရိကန်တို့ဘက်မှ ခြိမ်းခြောက်လာခြင်း မရှိအောင် အာမခံပေးနိုင်ပါက ဖျက်အားပြင်းလက်နက်များကို စွန့်လွှတ်သွားဖို့စဉ်းစားသွား မည်ဟု မြောက်ကိုရီးယားတို့ဘက်မှ ပြောဆိုခဲ့ကြောင်း ဆိုးလ်အစိုးရတာဝန်ရှိသူများက ဆိုခဲ့သည်။

“ကိုရီးယားနှစ်နိုင်ငံကြားမှာ အပြုသဘောဆောင်တဲ့ ရလာဒ်တွေထွက်ပေါ်လာတာနဲ့ပက်သက်လို့ ကျုပ်တို့ဘက် က အလွန်ကိုကျေနပ်မိပါတယ်” ဟု ဂန်က သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။

ဒါ့အပြင် ပါဝင်ပက်သက်သူများအားလုံးအနေဖြင့် လက်ရှိအခွင့်အရေးကိုဆုပ်ကိုင်နိုင်မည်ဟု မျှော်လင့်ကြောင်း၊ ကိုရီးယားကျွန်းဆွယ်၌ နျူကလီးယားလက်နက်ပပျောက်ရေးအတွက် ပူးပေါင်းအားထုတ်ကာ နိုင်ငံရေးတည်ငြိမ် မှုရရှိလာအောင် စွမ်းဆောင်နိုင်မည်ဟု တရုတ်တို့ဘက်မှ မျှော်လင့်ကြောင်းလည်း သူက ဆိုခဲ့သည်။

ဆက်လက်ပြီး တရုတ်အစိုးရသည် ၄င်းတို့နှင့်သက်ဆိုင်သော အခန်းကဏ္ဍမှ ပါဝင်လုပ်ဆောင်သွားဖို့နှင့် ကိုရီးယားကျွန်းဆွယ်၌ နျူကလီးယားကင်းစင်ရေးအတွက် အခြားနိုင်ငံများနှင့်အတူ လက်တွဲဆောင်ရွက်သွား လိုကြောင်းကိုလည်း ပြောကြားခဲ့သည်။

ထို့အတူ မြောက်ကိုရီးယားတို့ဘက်မှ ၄င်းတို့၏နျူးကလီးယားနှင့် ပဲ့ထိန်းတပ်ဒုံးပျံစမ်းသပ်မှုများကို ရပ်တန့်မည် ဟု ပြောဆိုခဲ့မှုအား အပြန်အလှန်အသိအမှတ်ပြုသည့်အနေဖြင့် အမေရိကန်ပြည်ထောင်စု၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့အနေနှင့်လည်း ပူးပေါင်းစစ်ရေး လေ့ကျင့်မှုများကို ရပ်တန့်သွားရန် တရုတ်တို့ဘက်မှ တိုက်တွန်းခဲ့သည်။  

-Ref; AFP