လူမျိုးရေး ပဋိပက္ခများကို ထိန်းသိမ်းရန်အတွက် တပ်အင်အား ပိုမိုအသုံးပြုသွားမည်ဟု သီရိလင်္ကာ အစိုးရဆို

လူမျိုးရေး ပဋိပက္ခ ပြဿနာများကို ထိန်းသိမ်းရန်အတွက် တပ်အင်အား ပိုမို အသုံးပြုသွားမည်ဟု သီရိလင်္ကာ အစိုးရက အတည်ပြု ပြောကြားခဲ့သည်။

သီရိလင်္ကာ အလယ်ပိုင်းရှိ ကန်ဒီမြို့တွင် ဒေသခံ ဆင်ဟာလိစ် တိုင်းရင်းသားများနှင့် မွတ်ဆလင် အသိုက်အဝန်းကြား ပဋိပက္ခများ ဖြစ်ပွားရာမှ အဓိကရုဏ်းဆန်သည့် အခြေအနေများ ကူးစက်လာသည့်နောက် အစိုးရက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ယခုသီတင်းပတ်တွင် အရေးပေါ် အခြေအနေ ထုတ်ပြန် ကြေညာခဲ့သည်။

ကန်ဒီမြို့တွင် မွတ်ဆလင်ပိုင် စီးပွားရေး လုပ်ငန်းများနှင့် ဝတ်ပြုဆုတောင်းရာ ဗလီများ မီးရှို့ဖျက်ဆီး ခံရသလို မီးလောင်ထားသော အိမ်တစ်လုံးထဲမှလည်း မွတ်ဆလင် လူငယ်တစ်ဦး၏ အလောင်းကို ရှာတွေ့ခဲ့သည်။ ထိုအခြေအနေကြောင့် သွေးဆာသော သတ်ဖြတ်မှုများ ပိုမို ဆိုးရွားလာမည်ကို ကန်ဒီမြို့ခံများက စိုးရိမ်နေသည်။

ယခုအခါ သီရိလင်္ကာ အစိုးရက ရဲတပ်ဖွဲ့၏ ခွင့်ရက်ခံစားခွင့် အားလုံးကို ရုပ်သိမ်းခဲ့ပြီး လုံခြုံရေး အစီအမံများ မြှင့်တင်ရန် ညွှန်ကြားချက် ထုတ်ပြန်ထားသည်။ ပြဿနာများ စတင်ရာ ကန်ဒီတွင် နယ်မြေ မငြိမ်သက်မှုများ ဆက်လက် ဖြစ်ပွားနေသဖြင့် စစ်သည် အရေအတွက် တိုးမြှင့် ပေးပို့ပြီး ခြေကုပ်ယူ တပ်စွဲထားစေရန် စီစဉ်နေရကြောင်း သိရသည်။

မတ်လ ၇ ရက်က ဆင်ဟာလိစ် တိုင်းရင်းသား တစ်ဦးသည် ၎င်းယူဆောင်လာသည့် လက်လုပ်ဗုံး ပေါက်ကွဲ၍ သေဆုံးခဲ့ကြောင်းလည်း ပြည်တွင်း မီဒီယာများက ဖော်ပြကြသည်။ သီရိလင်္ကာ အစိုးရက အရေးပေါ် အခြေအနေ ကြေညာချက် ၁၀ ရက်စာ ထုတ်ပြန်ခဲ့သည့်နောက် နိုင်ငံအတွင်းရှိ လူ့အသိုက်အဝန်း အားလုံး၏ လုံခြုံရေးကို တာဝန်ယူ စောင့်ရှောက်နိုင်ရန် လုပ်ဆောင်သွားမည်ဟု ကတိပြုခဲ့သည်။

သီရိလင်္ကာတွင် ဗုဒ္ဓဘာသာဝင်များနှင့် မွတ်ဆလင်များကြား တင်းမာမှုအချို့ ပြီးခဲ့သည့် လပိုင်းကတည်းက ရှိခဲ့ပြီး မတ်လ ၄ ရက်တွင် ဆင်ဟာလိစ် တိုင်းရင်းသား ထရပ်ကား ယာဉ်မောင်းတစ်ဦးနှင့် မွတ်ဆလင် လူငယ်များ ခိုက်ရန် ဖြစ်ပွားရာမှ လူမျိုးရေး ပဋိပက္ခအသွင် ပေါက်ကွဲလာခြင်း ဖြစ်သည်။ 

ကန်ဒီတွင် အရေးပေါ် အခြေအနေ ကြေညာကာ အုံကြွ ဆူပူသူများကို လူစုခွဲရန် ကြိုးစားနေသော်လည်း ပြဿနာများ ဆက်လက် ဖြစ်ပွားနေဆဲဟုလည်း လုံခြုံရေး တပ်ဖွဲ့ဝင်များက အတည်ပြု ပြောကြားထားသည်။

Ref: BBC