သီရိလင်္ကာမှာ ဖေ့စ်ဘုတ် ပိတ်ပင်

သီရီလင်္ကာနိုင်ငံမှာ မွတ်ဆလင်လူနည်းစုတွေအပေါ် ရန်ပြုတဲ့ ဆူပူမှုတွေ ဆက်လက်ပေါ်ပေါက်နေပုံကို အင်တာနက်က ရေးသားတင်ပြနေကြတဲ့ ဖေ့စ်ဘုတ်အပါအဝင် လူမှုမီဒီယာတွေကို အစိုးရက ဗုဒ္ဓဟူးနေ့ မနေ့က ပိတ်ပင်တားဆီးလိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကစပြီး သီရိလင်္ကာမှာ မွတ်ဆလင်တွေအပေါ် အစွန်းရောက် ဗုဒ္ဓဘာသာဝင်တွေရဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားနေပါတယ်။ အဲဒီ အစွန်းရောက်တွေက မွတ်ဆလင်တွေဟာ ဗုဒ္ဓဘာသာဝင်တွေကို အစ္စလမ်ဘာသာဝင် ဖြစ်အောင် ဇွတ်အတင်းသွတ်သွင်းနေတယ်လို့ ပြောပါတယ်။

အမျိုးသားရေးဝါဒီ တချို့ကလည်း သူတို့နိုင်ငံကို ရခိုင်ပြည်နယ်ကလာရောက်ပြီး နိုင်ငံရေးခိုလှုံခွင့်တောင်းခံတဲ့ မွတ်ဆလင်တွေ နေထိုင်လျှက်ရှိတာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ နိုင်ငံအလယ်ပိုင်းက ခရိုင်တခုမှာ ရဲတပ်ဖွဲ့က အိမ်ပြင်မထွက်ရ အမိန့်ထုတ်ပြန်ထားပေမယ့် အကြမ်းဖက်ဆူပူသူတွေက မွတ်ဆလင်တွေရဲ့ စီးပွားရေး လုပ်ငန်းတွေ ဗလီတွေကို ဗုဒ္ဓဟူးနေ့ မနေ့က ဝင်ရောက်ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ အစွန်းရောက်သမား တွေက မွတ်ဆလင်တွေကို တိုက်ခိုက်ဖို့ ဖေ့စ်ဘုတ်နဲ့ Viber ဗိုင်ဘာ အပါအဝင် လူမှုမီဒီယာတွေကနေ သွေးထိုးလှုံ့ဆော်ခဲ့ကြတဲ့အတွက် အစိုးရက အခုလို ပိတ်ပင်ခဲ့တယ်လို့ ဆိုပါတယ်။

RFA Burmese