မြောက်ကိုရီးယားအပေါ် အမေရိကန် အရေးယူဒဏ်ခတ်မှု ရုရှား ရှုတ်ချ

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မာရီယာ ဇာခါရိုဗာ။ (ဓာတ်ပုံ – ရိုက်တာ)

အမေရိကန်က မြောက်ကိုရီးယားအပေါ် အရေးယူဒဏ်ခတ်မှု အသစ်တွေ ပြုလုပ်တာကို ရုရှားနိုင်ငံက မတ်လ ၇ ရက်နေ့မှာ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင်ဟာ အစ်ကိုဝမ်းကွဲ ကင်ဂျုံနမ်ကို ဓာတုအဆိပ်သုံးပြီး သတ်ဖြတ်ခဲ့တယ်လို့ အမေရိကန် အစိုးရက ကောက်ချက်ဆွဲပြီးနောက် မြောက်ကိုရီးယားအပေါ် အရေးယူဒဏ်ခတ်မှု အသစ်တွေ ပြုလုပ်လိုက်တာပါ။

“ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ကိုရီးယားကျွန်းဆွယ် အရေးကိစ္စနဲ့ ပတ်သက်ပြီး အရေးယူဒဏ်ခတ်မှုတွေ ပြုလုပ်ထားတဲ့အပေါ်မှာ လုံခြုံရေးကောင်စီ ခွင့်ပြုချက်မရှိဘဲ အရေးယူ ဒဏ်ခတ်မှုအသစ်တွေ ပြုလုပ်တာဟာ ကျမတို့အမြင်မှာ တရားမဝင်ပါဘူး” လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မာရီယာ ဇာခါရိုဗာ (Maria Zakharova) က ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားအပေါ် အရေးယူဒဏ်ခတ်မှုအသစ်တွေ ပြုလုပ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက မတ်လ ၆ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

(DVB)