နာဒယ်၊ မာရင်းစီလစ်နှင့် ဝေါ်ဇနီယက်ကီ သြစတြေးလျအိုးပင်းကွာတားသို့ တက်ရောက်

မဲလ်ဘုန်းမြို့တွင် ကျင်းပနေသော သြစတြေးလျအိုးပင်းတင်းနစ်ပြိုင်ပွဲ၌ အမျိုးသား ထိပ်တန်းကစားသမားများ ဖြစ်သော စပိန်မှ ရာဖေးလ်နာဒယ်နှင့် ခရိုအေးရှားမှ မာရင်းစီလစ်တို့ ကွာတားဖိုင်နယ် တက်ရောက်ခဲ့ပြီး အမျိုးသမီး ထိပ်တန်းတင်း နစ်မယ် ဝေါ်ဇနီယက်ကီလည်း ကွာတားအဆင့်သို့ တက်ရောက်ခဲ့သည်။

နာဒယ်သည် အာဂျင်တီးနား တင်းနစ်သမား ဒီယေဂိုရှ ဝက်ဇ်မန်းကို ၆-၃၊ ၆-၇ (၄)၊ ၆-၃၊ ၆-၃ ဖြင့် အနိုင်ရရှိခဲ့သည်။ နာဒယ်သည် ရှဝက်ဇ်မန်းနှင့် ပွဲတွင် တစ်ခါတစ်ရံရုန်းကန်ခဲ့ရသော်လည်း အရေးကြီးသော  အမှတ်များ၌ အနိုင်ရရှိပြီး အောင်ပွဲခံခဲ့ကာ ကွာတားဖိုင်နယ်တွင် မာရင်းစီလစ်နှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

ခရိုအေးရှားမှ မာရင်းစီလစ်သည် စပိန်နိုင်ငံသား ကာရီ နိုဘတ်စတာကို ၆-၇ (၂)၊ ၆- ၃၊ ၇-၆ (၀)၊ ၇-၆ (၃)ဖြင့် အနိုင်ယူပြီး ဂရင်းဆလမ်ပြိုင်ပွဲများ၏ ကွာတားဖိုင်နယ်သို့ ၁၁ ကြိမ်မြောက် တက်ရောက်လာခြင်းဖြစ်သည်။

ယင်းမှာ ၂၀၁၆ က ယူအက်စ်အိုးပင်းဂရင်းဆလမ်ချန်ပီယံစီ လစ်၏ ပွဲ ၁၀၀ မြောက် ဂရင်းဆလမ်နိုင်ပွဲလည်း ဖြစ်သည်။ မာရင်းစီလစ်သည် ကွာတားဖိုင်နယ်တွင် နာဒယ်နှင့် ခြောက်ကြိမ်တွေ့ဆုံခဲ့ပြီး တစ်ကြိမ် အနိုင်ရရှိခဲ့သည်။

အမျိုးသမီးပြိုင်ပွဲတွင် ဒိန်းမတ်မှ နိုင်ခြေအဆင့် (၂) သတ်မှတ်ခံရသူ ကာရိုလင်းဝေါ်ဇနီ ယက်ကီက ဆလိုဗက်ကီးယားမှ ရိုင်ဘာရီကိုဗာကို ၆-၃၊ ၆-၀ ဖြင့် နှစ်ပွဲပြတ်အနိုင်ယူပြီး ကွာတားဖိုင်နယ်သို့ တက်ရောက် သွားသည်။ ယင်းပွဲကို ဝေါ်ဇနီယက်တီ က လွှမ်းမိုးခဲ့ပြီး ၆၃ မိနစ်အတွင်း အနိုင်ရရှိခဲ့သည်။ ဝေါ်ဇနီယက်ကီ သည် ကွာတားဖိုင်နယ်တွင် စပိန် မှ ကာလာဆွာရက်ဇ်နာဗာရိုနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ဝေါ်ဇနီ ယက်ကီသည် ဂရင်းဆလမ်ချန်ပီယံမဖြစ်ဖူးသော်လည်း ဗိုလ်လုပွဲ နှစ်ကြိမ် တက်ရောက်ဖူးပြီး ယခု ပြိုင်ပွဲ အနိုင်ရရှိပါက ကမ္ဘာ့နံပါတ် (၁)နေရာရရှိရန် အခွင့်အရေးရှိနေသည်။

—Ref:AP