နယူးယောက် တိုက်ခန်းတွဲ မီးလောင်မှုအတွင်း ၁၂ ဦးထက်မနည်း သေဆုံး

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် လူနေတိုက်ခန်းတွဲတစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၂၈ ရက် ညပိုင်းက ဘရော့န်စ်တွင် ဖြစ်ပွားသော မီးလောင်မှုအတွင်း သေဆုံးသူများအနက် တစ်နှစ်အရွယ် ကလေးငယ် တစ်ဦးလည်း ပါဝင်ခဲ့ကြောင်း နယူးယောက် မြို့တော်ဝန် ဘီလ်ဒီ ဘလာစီယိုက အတည်ပြုခဲ့သည်။

လက်ရှိ အချိန်ထိ သေဆုံးသူ အရေအတွက်ကို ၁၂ ဦးဟု ကြေညာထားပြီး အပြင်းအထန် ဒဏ်ရာရသူ ၄ ဦး ရှိနေကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။ မီးကို ထိန်းချုပ် ငြှိမ်းသတ်နိုင်ခဲ့ပြီ ဖြစ်သော်လည်း မီးလောင်မှု အကြောင်းရင်းကို တိတိကျကျ မသိရသေးချေ။

နယူးယောက် မီးသတ်ဌာနက အခင်းဖြစ်ရာ နေရာတွင် မီးသတ်ဝန်ထမ်း ၁၆၀ ကျော်မျှ စုရုံးသွားရောက်ပြီး မီးငြှိမ်းသတ်ခဲ့ကြောင်း ကြေညာခဲ့သည်။ လတ်တလောတွင် မီးစတင် လောင်ကျွမ်းသည့် အကြောင်းရင်းကို စုံစမ်း စစ်ဆေးနေဆဲ ဖြစ်သည်။

မြို့တော်ဝန် ဒီ ဘာလစီယိုက မီးလောင်ရာ အဆောက်အအုံမှ ရွှေ့ပြောင်းခဲ့ရသူများကို အနီးရှိ ကျောင်းတစ်ကျောင်းတွင် ယာယီ နေရာချထားပေးကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါ ငါးထပ် အဆောက်အအုံတွင် တိုက်ခန်းပေါင်း ၂၀ မျှ ပါရှိပြီး သက်တမ်း နှစ် ၁၀၀ မျှ ကြာမြင့်ခဲ့ပြီးဖြစ်ကြောင်း New York Times သတင်းစာက ဖော်ပြသွားသည်။

Ref: New York Times