မြောက်ကိုရီးယား ရေနံဝယ်ယူနိုင်အောင် တရုတ် ကူညီနေဟု ထရမ့်စွပ်စွဲ

မြောက်ကိုရီးယားကို ရေနံ ဝယ်ယူနိုင်ရန် တရုတ် အစိုးရက အကူအညီ ပေးနေကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က စွပ်စွဲ ပြောကြားလိုက်သည်။

မြောက်ကိုရီးယား၏ တိုက်ချင်းပစ် ဒုံးကျည် စမ်းသပ်မှုများကို တုံ့ပြန် အရေးယူသည့် အနေဖြင့် ရေနံဝယ်ယူခွင့်ကို တင်းကျပ်စွာ ပိတ်ဆို့ထားရန် ကုလသမဂ္ဂက ဆုံးဖြတ်ခဲ့သော်လည်း တရုတ်၏ အကူအညီကြောင့် ယိုပေါက်များ ရှိနေကြောင်း သတင်းများ ထွက်ပေါ်လာသည်။

ထရမ့်ကမူ ယင်းသတင်းများနှင့် ပတ်သက်၍ တရုတ်အစိုးရအပေါ် အလွန်အမင်း စိတ်ပျက်မိကြောင်း ဝေဖန်ခဲ့သည်။ တရုတ်သည် မြောက်ကိုရီးယား၏ အရင်းနှီးဆုံး စစ်ရေးမဟာမိတ်ဟုလည်း ဆိုနိုင်သည်။

Twitterတွင် ထရမ့်က တရုတ်သည် မြောက်ကိုရီးယားကို လက်သိပ်ထိုး ကူညီနေသည်ဆိုသော သဘောမျိုး စွပ်စွဲ ရေးသားခဲ့သည်။ ထို့အပြင် မြောက်ကိုရီးယား၏ ရေနံ အကျပ်အတည်းကို ခင်မင်ရင်းနှီးမှုဖြင့် ကူညီ ဖြေရှင်း ပေးသည့် သဘောမျိုး တရုတ်က လုံးဝ မလုပ်သင့်ဟုလည်း ဆိုသည်။

အစောပိုင်းတွင်မူ တရုတ်အစိုးရ အာဏာပိုင်များက မိမိတို့သည် မြောက်ကိုရီးယား၏ ရေနံ ဝယ်ယူမှုအပေါ် ပိတ်ပင်သည့် ကုလသမဂ္ဂ သတ်မှတ်ချက်ကို လုံးဝ မဖောက်ဖျက်ဘဲ လိုက်နာ စောင့်ထိန်းနေကြောင်း ဖြေရှင်းထားသည်။

ပြီးခဲ့သည့် သီတင်းပတ်က ကုလသမဂ္ဂတွင် အမေရိကန် ဦးဆောင်တင်သွင်းသည့် အရေးယူ ပိတ်ဆို့ရေး အဆိုကို တရုတ်ကလည်း ပါဝင်ထောက်ခံခဲ့ကြောင်း သိရသည်။ ယင်းအဆိုသည် မြောက်ကိုရီးယား၏ ရေနံနှင့် လောင်စာဆီ တင်သွင်းမှုကို ၉၀ ရာခိုင်နှုန်းထိ ပိတ်ဆို့ရန် တည်ဆောက်ထားခြင်း ဖြစ်သည်။

အမေရိကန်က ယခုကဲ့သို့ တင်းတင်းကျပ်ကျပ် သတ်မှတ်ထားသော အရေးယူမှု အသစ်များသည် မြောက်ကိုရီးယား၏ တိုက်ချင်းပစ်ဒုံးကျည် နည်းပညာ အဆင့်မြှင့် စမ်းသပ်မှုများကို ထိရောက်စွာ အခက်တွေ့ စေလိမ့်မည်ဟု ပြောကြားထားသည်။

Ref: Guardian