မက်ဒရစ် အိုးပင်းဖလားကို ဂျိုကိုဗစ် တတိယအကြိမ် ဆွတ်ခူး

ကမ္ဘာ့နံပါတ် (၁) တင်းနစ်ကစားသမား နိုဗက်ဂျိုကိုဗစ်သည် လက်ပန်းကျပုံပေါ်နေသော တီစီပရပ်စ်ကို အနိုင်ရပြီး မက်ဒရစ်အိုးပင်းဖလားကို တတိယအကြိမ် ဆွတ်ခူးခဲ့သည်။ ဆားဘီးယားကြယ်ပွင့် ဂျိုကိုဗစ် (၃၁)နှစ်အနေဖြင့် အကြိုဗိုလ်လုပွဲတွင် စပိန်နာမည်ကြီး ရာဖေးလ်နာဒယ်ကို ဖြတ်ကျော်ခဲ့သော ဂရိတက်သစ်စလူငယ်တီစီ ပရပ်စ် (၂၀) နှစ်ကို ကစားချိန် ၁ နာရီ ၃၂ မိနစ်အတွင်း ၆-၃၊ ၆-၄ ဖြင့် အနိုင်ရရှိသည်။

သြစတြေးလျအိုးပင်းဖလားကို (၇) ကြိမ်မြောက် ကိုင်မြှောက်နိုင်ခဲ့ပြီးနောက်ပိုင်း ပါဝင်ယှဉ်ပြိုင်သော ပြိုင်ပွဲ သုံးရပ်တွင် ကွာတားဖိုင်နယ်သို့ တစ်ကြိမ်သာတက်ရောက်နိုင်ပြီးမှ ဂျိုကိုဗစ်အနေဖြင့် ယခုဆုဖလား ရရှိခြင်းဖြစ်သည်။ ‘‘ဒီဖလားက ကျွန်တော့်အတွက် အလွန်အရေးပါပါတယ်။ အထူးသဖြင့် ကျွန်တော့်ယုံကြည်မှု အတွက်ပေါ့။ သြစတြေးလျအိုးပင်း ဗိုလ်စွဲပြီးနောက်ပိုင်း ကျွန်တော်အကောင်းဆုံး လက်ရည်မရခဲ့ဘူး။ ဒါကြောင့် ဒီပြိုင်ပွဲမှာ အရှိန်မြှင့်ဖို့ မျှော်မှန်းခဲ့ပြီး အကောင်းဆုံးလက်စွမ်းတချို့ရခဲ့ပါတယ်’’ ဟု ဂျိုကိုဗစ်က ပြောသည်။

‘‘တီစီပရပ်စ်ဟာ အလွန်ပါရမီရှိပါတယ်။ နာဒယ်ကိုလည်း အနိုင်ရခဲ့တယ်။ အဲဒီပွဲမှာ အကြိတ်အနယ် ကစားခဲ့ရတာ ကြောင့် သူ့နွမ်းနယ်နေတာဖြစ်ကောင်းဖြစ်လိမ့်မယ်’’ ဟု တီစီပရပ်စ်နှင့် ပတ်သက်၍ ဂျိုကိုဗစ် က ချီးကျူး ပြောကြားသည်။ ‘‘ခင်ဗျားစွမ်းဆောင်ပြတာတွေက ကျွန်တော့်အတွက်တော့ အားကျအတုယူစရာတွေပါ။ အဲဒါနဲ့ ခင်ဗျားက ထိုက်တန်ပါတယ်’’ ဟု ဂျိုကိုဗစ်ကို တီစီပရပ်စ်က ချီးကျူးသည်။   

 -Ref: BBC