NCA ရေးထိုးနိုင်ရန် နီးစပ်နေပြီဟု UNFC ဥက္ကဋ္ဌပြော

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA) လက်မှတ်ထိုးနိုင် ရန် နီးစပ်လာပြီဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဥက္ကဋ္ဌ နိုင်ဟံသာက ပြောသည်။ UNFC နှင့် NCA လက်မှတ် ထိုးရှစ်ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်း စဉ် လုပ်ငန်းအဖွဲ့ (PPWT)တို့ နိုဝင်ဘာ ၁၃ ရက်က ချင်းမိုင်မြို့၌ ပြုလုပ်သော လုပ်ငန်းညှိနှိုင်း အစည်းအဝေး အဖွင့်အမှာစကား တွင် ယင်းသို့ ပြောကြားခဲ့သည်။

‘‘NCA လက်မှတ်ထိုးနိုင်ဖို့၊ တစ်ဖက်က ပြောရင် ငြိမ်းချမ်းရေး ကို စားပွဲဝိုင်းခုံပေါ်မှာ ဖြေရှင်းနိုင် ဖို့ပေါ့နော်။ ကျွန်တော်တို့ကလည်း ဖြေရှင်းနေတုန်းပါပဲ။ ညှိ နှိုင်းနေတုန်းပါပဲ။ အခြေအနေ တွေက ပြောမယ်ဆိုရင်တော့ နီး တော့နီးစပ်လာပါပြီ။ ဒါပေမဲ့ အသေအချာတော့ပြောလို့ မရသေးဘူး။ အချက်အလက်အား ဖြင့် ကျန်တာ ကတော့ သိပ်မများ တော့ပါဘူး’’ဟု နိုင်ဟံသာက ပြောသည်။

NCA လက်မှတ်ထိုးနိုင်ရေး လက်ရှိအစိုးရနှင့် UNFC သည် တစ်နှစ်ခွဲခန့်အတွင်း တရားဝင် ဆွေးနွေးပွဲ ရှစ်ကြိမ် ပြုလုပ်ထား သည်။ အစိုးရငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် UNFC ၏ နိုင်ငံ ရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့ နိုဝင်ဘာ ၈ ရက်နှင့် ၉ ရက်တွင် ရန်ကုန်၌တွေ့ဆုံ၍ NCA လက်မှတ် ထိုးနိုင်ရေး UNFC ဘက်က တင်ပြသည့် အဆိုပြုချက်များကို ဆွေးနွေးရာမူအားဖြင့် အားလုံး သဘောတူညီ ခဲ့ပြီး နှစ်ဖက်ခေါင်းဆောင်များ၏ အတည်ပြုချက်သာ လိုတော့ကြောင်း ဆွေးနွေးပွဲအပြီး ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် နှစ်ဖက်ကိုယ်စားလှယ်များက ပြောကြားသည်။ ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN တို့သည် ဆွေးနွေးပွဲရလဒ်ကို နှစ်ဖက်ခေါင်းဆောင်များထံ တင်ပြပြီး လာမည့်တစ်ပတ်အတွင်း (နိုဝင်ဘာ ၁၆ ရက်ခန့်) ထပ်မံ တွေ့ဆုံရန် ချိန်းဆိုထားသည်။

လက်ရှိတွင် UNFC သည် ငြိမ်းချမ်းရေးဖြစ်စဉ် ဆွေးနွေးမှု များ၌ ပါဝင်ခြင်းမရှိသေးသော် လည်း NCA အရ ဖြစ်ပေါ်လာ သည့် ဆွေးနွေးမှုမူဘောင်ကို ပြန်လည်သုံးသပ်ထားကြောင်း၊ ယခု NCA လက်မှတ်ထိုး ရှစ်ဖွဲ့ နှင့် တွေ့ဆုံမှုသည် နိုင်ငံရေးဆွေးနွေးမှု မူဘောင်ကို လက်ရှိအခြေအနေနှင့် ကိုက်ညီစေရေး ပြန်လည် သုံးသပ် ညှိနှိုင်းရန် ဖြစ်ကြောင်း နိုင်ဟံသာက ဆိုသည်။ ‘‘ကျွန်တော်တို့ရဲ့ ရှေ့လုပ်ငန်းစဉ်အတွက်ပေါ့။ ကျွန်တော် တို့လည်း NCA ထိုးဖြစ်မယ်ဆိုရင် ဒီမူဘောင်ထဲမှာ နိုင်ငံရေးဆွေး နွေးနိုင်ဖို့အတွက် ဒီ Framework ကို ကျွန်တော်တို့ကတော့ ညှိနှိုင်း ထားဖို့လိုပါတယ်’’ဟု ၎င်းက ပြောသည်။

နိုင်ငံရေးပြဿနာ ဖြေရှင်းရန် လုပ်ငန်းစဉ် အဆင့်ဆင့်ရှိသည့် အနက် နိုင်ငံရေးဆွေးနွေးရေး မူဘောင်ကို အားလုံးပါဝင် ချမှတ်ပြီး မူဘောင်ပါ အကောင် အထည်ဖော်ရမည့် လုပ်ငန်းများ ကို တစ်ဆင့်ပြီးတစ်ဆင့် အကောင် အထည်ဖော်ရန် လိုအပ်ကြောင်း နိုင်ဟံသာက ပြောကြားသည်။ ထို့အတူ NCA အပါအဝင် နိုင်ငံ ရေး ဆွေးနွေးမှုများတွင် လက် နက်ကိုင် ပဋိပက္ခ၌ပါဝင်နေသည့် အင်အားစုများအားလုံး ပါဝင်ရန် လိုအပ်ပြီး ငြိမ်းချမ်းရေး တည် ဆောက်ရာတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို အကြောင်းအမျိုးမျိုးပြကာ ချန် ထားခြင်း မလုပ်သင့်ဟု ၎င်းက ပြောကြားသည်။

UNFC အဖွဲ့ဝင်များသည် မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ (KNPP)၊ ရခိုင်အမျိုးသား ကောင်စီ (ANC)၊ လားဟူ ဒီမို ကရက်တစ်အစည်းအရုံး (LDU) တို့ဖြစ်သည်။ ရှမ်းပြည်တိုးတက် ရေးပါတီ (SSPP)သည် UNFC အဖွဲ့ဝင်ဖြစ်သော်လည်း UNFC မှ နုတ်ထွက်ခွင့် တောင်းဆိုထားသည်။