ငြိမ်းချမ်းရေးလမ်းကြောင်း ရှာဖွေရန် မြောက်ပိုင်းခုနစ်ဖွဲ့ အစည်းအဝေး ကျင်းပမည်

အစိုးရနှင့်ငြိမ်းချမ်းရေး ဆွေးနွေးနိုင်မည့် လမ်းကြောင်းရှာဖွေရန် မြောက်ပိုင်းလက်နက်ကိုင် ခုနစ်ဖွဲ့၏ အစည်းအဝေး ကို ‘ဝ’ လက်နက်ကိုင်အဖွဲ့ (UWSA) ဌာနချုပ် ပန်ဆန်း၌ ပြုလုပ် မည် ဖြစ်ကြောင်း မြောက်ပိုင်း ခုနစ်ဖွဲ့တွင် ပါဝင်သည့် တအာင်း လက်နက်ကိုင်အဖွဲ့ (TNLA) အထွေထွေအတွင်းရေးမှူး တာ့ဘုန်းကျော်က ပြောသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနအာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာဆွန်းကော်ရှန်းနှင့် မြောက်ပိုင်း လက်နက်ကိုင်ခုနစ်ဖွဲ့ တို့ နိုဝင်ဘာ ၉ ရက်က တရုတ် နိုင်ငံ ကူမင်းမြို့၌ တွေ့ဆုံဆွေးနွေးမှုများအရ မြောက်ပိုင်း ခုနစ်ဖွဲ့၏ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီ(FPNCC) အစည်းအဝေး အမြန်ဆုံးခေါ်ယူရန် စီစဉ်ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

သို့ရာတွင် အစည်းအဝေးပြုလုပ်မည့်ရက်အတိအကျကို မသိရှိရသေးပေ။ ‘‘FPNCC ကို မြန်မာ့တပ်မတော်က လုံးဝမတွေ့နိုင်ဘူးဆိုတဲ့ သဘောထားက မစ္စတာဆွန်းကော်ရှန်းကနေ တစ်ဆင့် တရားဝင်လာပြောတဲ့ သဘောလို့ ကျွန်တော်တို့ နားလည်တယ်။ ဒါကြောင့်မို့ တကယ်ဆွေးနွေးနိုင်တဲ့ လမ်းကြောင်းတွေ ထပ်ဖြစ်ဖို့ ဘယ်လိုလုပ်ကြမလဲဆိုတာ ကျွန်တော်တို့ တစ်ဖွဲ့ချင်းစီရဲ့ ဆုံးဖြတ်ချက်က FPNCC ရဲ့ ဆုံးဖြတ်ချက်ကို ကျော်လို့မရဘူးဖြစ်နေပါတယ်။ ဒါကြောင့်မို့ FPNCC အစည်းအဝေး ထဲမှာပဲ တွေ့ဆုံဆွေးနွေးပွဲ လမ်းပွင့် သွားအောင် ကျွန်တော်တို့ဘက်က ဘယ်လိုလိုက်ပါဆောင်ရွက်နိုင်မလဲဆိုတာ အဲဒီမှာ ဆွေးနွေးဆုံးဖြတ် သွားမှာ ဖြစ်ပါတယ်’’ဟု တာ့ဘုန်းကျော်က ပြောသည်။

မြောက်ပိုင်းအဖွဲ့များသည် NCA တွင် ပါဝင်လက်မှတ်ထိုးရန်၊ အစိုးရနှင့် တွေ့ဆုံဆွေးနွေးရန်၊ ၂၁ ရာစု ပင်လုံအစည်းအဝေး ကျင်းပပါက တက်ရောက်ရန် စသည့် အချက်များကိုလည်း တရုတ်အစိုးရ ကိုယ်စားလှယ် က တိုက်တွန်းထားသည်။ တရုတ်ကိုယ်စားလှယ်နှင့် မြောက်ပိုင်းခုနစ်ဖွဲ့ တွေ့ဆုံမှု အပြီးတွင် ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ဦး ဆောင်သည့် အစိုးရ ကိုယ်စား လှယ်အဖွဲ့သည် UWSA ဌာနချုပ် ပန်ဆန်းသို့ နိုဝင်ဘာ ၁၁ ရက် က သွားရောက်ခဲ့သည်။ အဆိုပါ ခရီးစဉ်တွင် ငြိမ်းချမ်းရေးကော် မရှင်နှင့် တပ်မတော်ကိုယ်စား လှယ်များလည်း လိုက်ပါခဲ့ သည်။အစိုးရ ကိုယ်စားလှယ်အဖွဲ့ ဝင်များ ပန်ဆန်းသို့ ရောက်ရှိနေ ချိန်တွင် တရုတ်ကိုယ်စားလှယ် မစ္စတာ ဆွန်ကော်ရှန်းလည်း လာရောက်တွေ့ဆုံသည်။

မစ္စတာဆွန်းကော်ရှန်းသည် ပြီးခဲ့သည့် စက်တင်ဘာနှင့် အောက်တိုဘာက တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့် နေပြည်တော်၌ တွေ့ဆုံ၍ မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင် မြင်ရေး တရုတ်နိုင်ငံက ကူညီပေးမည့် အခြေအနေများကို ဆွေးနွေးခဲ့သည်။ မြောက်ပိုင်းအဖွဲ့များက အစိုးရနှင့် တွေ့ဆုံရာတွင် ကော်မတီအနေဖြင့် တစုတစည်းတည်း တွေ့ဆုံရန် သဘောထား စွဲကိုင်ထားပြီး NCA မထိုးဘဲ နိုင်ငံရေးဆွေးနွေးမည်ဟု ထုတ်ဖော် ထားသည်။ အစိုးရဘက်ကမူ ယင်းကော်မတီကို လက်ခံခြင်းမရှိ ဘဲ NCA အရသာ ဆွေးနွေးမည် ဟု အတိအလင်း ပြောကြားထားသည်။