အမေရိကန်ကို လျော့မတွက်သင့်ကြောင်း သမ္မတ ထရမ့် ပြောကြား

အမေရိကန်ပြည်ထောင်စုရဲ့ စိတ်ဓာတ်ရေးရာအရ ခိုင်မာသန်စွမ်းမှုကို လျှော့မတွက်သင့်ဘူးဆိုတာ အာဏာရှင်အစိုးရတွေ သိထားကြစေလိုကြောင်း အမေရိကန် သမ္မတဒေါ်နယ်ထရမ့် က ပြောလိုက်ပါတယ်။

အာရှခရီးစဉ်စတင်တဲ့အနေနဲ့ ဂျပန်နိုင်ငံကိုရာက်ရှိနေတဲ့ သမ္မတဒေါ်နယ်ထရမ့်က တိုကျိုမှာရှိတဲ့ အမေရိကန် လေတပ်အခြေစိုက်စခန်းက တပ်သားတွေကို မိန့်ခွန်းပြောကြားခဲ့ရာမှာ မြောက်ကိုရီးယားကို ရည်ရွယ်ပြောဆို ခဲ့တာပါ။

ကိုရီးယားကျွန်းဆွယ်ဒေသမှာ အမေရိကန် ဗုံးကြဲလေယာဉ်တွေ ပျံသန်းခဲ့တာတွေ၊ မြောက်ကိုရီးယားရဲ့ နျူးကလီးယားနဲ့ ဒုံးပျံစမ်းသပ်မှုတွေကြောင့် စိုးရိမ်ထိတ်လန့်မှုတွေ မြင့်တက်လာချိန်မှာပဲ၊ ဒေါ်နယ်ထရမ့်ရဲ့ အာရှခရီးစဉ် စတင်ခဲ့တာဖြစ်ပါတယ်။ ခရီးစဉ်အရ အမေရိကန်ရဲ့ အနီးကပ်မဟာမိတ်တွေဖြစ်ကြတဲ့ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေက စာရင်းရဲ့ ထိပ်ဆုံးမှာရှိနေပါတယ်။

မြောက်ကိုရီးယားဟာ အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေကိုသာမက တကမ္ဘာလုံးအတွက် ကြီးမားတဲ့ ပြဿနာ ဖြစ်တာကြောင့် ပြီးပြတ်အောင်ဖြေရှင်းလိုကြောင်း၊ မြောက်ကိုရီးယား ပြည်သူလူထု ကိုတော့ စာနာကြောင်း ဒေါ်နယ်ထရမ့်က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

(RFA)