ယီမင်နယ်စပ်အနီး ရဟတ်ယာဉ်ပျက်ကျပြီး ဆော်ဒီမင်းသား သေဆုံး

နိုဝင်ဘာ ၆

ယီမင်နိုင်ငံ နယ်စပ်အနီး ရဟတ်ယာဉ်ပျက်ကျခဲ့ပြီး ဆော်ဒီမင်းသားတစ်ပါးဖြစ်တဲ့ မန်ဆိုအာ ဘင် မော်ကရင် သေဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း နိုင်ငံပိုင်ရုပ်သံက ကြေညာပါတယ်။

အာဆာပြည်နယ်ရဲ့ လက်ထောက်အုပ်ချုပ်ရေးမှူးဖြစ်သလို ယခင် အိမ်ရှေ့စံမင်သားတစ်ပါးရဲ့ သားတစ်ဦး လည်း ဖြစ်တဲ့ မင်းသား မန်ဆိုအာဟာ အလုပ်ကိစ္စတစ်ခုလုပ်ဆောင်ဖို့ တစ်ခြားအရာရှိတွေလိုက်ပါပြီး ရဟတ်ယာဉ်နဲ့ ထွက်ခွာသွားခဲ့ရင်း ယီမင်နဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ နိုင်ငံတောင်ပိုင်းမှာ ပျက်ကျသေဆုံး သွားခဲ့တာဖြစ်တယ်လို့ နိုင်ငံပိုင်ရုပ်သံ အယ်လ် အက်ဘာရီယာက ကြေညာပါတယ်။

ရဟတ်ယာဉ်ပျက်ကျရခြင်းအကြောင်းအပါအ၀င် ၎င်းနဲ့အတူ လိုက်ပါသွားသူတွေ အသက်အန္တရာယ် ကြုံခဲ့ရ သလား ဆိုတာကိုတော့ ထုတ်ပြန်ဖော်ပြခဲ့ခြင်းမရှိပါဘူး။ ယင်းနိုင်ငံမှာတော့ အိမ်ရှေ့စံမင်းသား မိုဟာမက် ဘင် ဆော်လ်မန်က အာဏာကို ပိုမိုချုပ်ကိုင်လာတာနဲ့အမျှ နိုင်ငံမှာ အဆင့်မြင့်ရာထူးရယူထားတဲ့ ပုဂ္ဂိုလ်တွေ  ဖြုတ်ထုတ် ရှင်းလင်းခံရမှုတွေ ခပ်စိတ်စိတ် ဖြစ်လာခဲ့တာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ကာလအတွင်းမှာပဲ မင်းသားတွေနဲ့ ၀န်ကြီး ဒါဇင်ခန့်နဲ့အတူ ဘီလျံနာသူဌေးတစ်ဦးတို့လည်း ရှင်းထုတ် ခံထားရပြီး ဖမ်းဆီးထိန်းသိမ်းခံထားရမှုနဲ့ပါ ရင်ဆိုင်နေရလျက်ရှိပါတယ်။ နိုင်ငံရဲ့ အိမ်ရှေ့စံ မင်းသား မိုဟာမက် ဘင် ဆော်လ်မန်အနေနဲ့ ဖခင်ဖြစ်သူ အသက် ၈၁ နှစ်ရှိ ဆော်ဒီဘုရင် ဆော်လ်မန်ဆီကနေ တရားဝင် အာဏာလွှဲပြောင်းမရယူခင်မှာပဲ အုပ်ချုပ်ရေးပိုင်းမှာ ပိုမိုထိန်းချုပ်ကိုင်တွယ်လာ နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ ရက်တုန်းကလည်း ယီမင်ဘက်ကနေ ပစ်လွှတ်လိုက်တဲ့ ပဲ့ထိန်းဒုံးကျည်တစ်စင်းကို ဆော်ဒီအာရေဗျဘက်က ကြားဖျက်ဟန့်တားဖျက်ဆီးပစ်ခဲ့ရတယ်လို့လည်း သိရပါတယ်။

   -Ref; AFP