အင်ဒိုနီးရှား မီးရှူးမီးပန်းစက်ရုံ ပေါက်ကွဲမှု သေဆုံးသူဦးရေ ၅၀ နီးပါးထိ မြင့်တက်လာ

အင်ဒိုနီးရှား နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် မီးရှူးမီးပန်းစက်ရုံ ပေါက်ကွဲမှုအတွင်း သေဆုံးသူ ဦးရေမှာ ၅၀ နီးပါးထိ မြင့်တက်လာကြောင်း သိရသည်။

အောက်တိုဘာ ၂၆ ရက်က ဂျကာတာမြို့တော် အနောက်ပိုင်း တန်ဂီရန်းရှိ စက်မှုဇုန် တစ်ခုမှ စက်ရုံတွင် ပေါက်ကွဲမှုများ ဖြစ်ပွားပြီး မီးကူးစက် လောင်ကျွမ်းခဲ့သည်။ အောက်တိုဘာ ၂၇ ရက်ထိ စာရင်းအရ သေဆုံးသူ အနည်းဆုံး ၄၆ ဦးထိ ရှိခဲ့ကြောင်း အတည်ပြုထားပြီး နောက်ထပ် ၅၀ နီးပါး ဒဏ်ရာများ ရရှိခဲ့သည်။

“အပျက်အစီးတွေကြားထဲမှာ ရှာဖွေစစ်ဆေးနေဆဲပါ။ လောလောဆယ်တော့ ရုပ်အလောင်း ၄၆ ခုထိ ရှာတွေ့ထားပါတယ်”ဟု တန်ဂီရန်း ရဲတပ်ဖွဲ့ အကြီးအကဲ ဟယ်ရီ ကာနီယာဝမ်က ပြောကြားခဲ့သည်။

မီးလောင်မှု ဖြစ်ပွားရသည့် အကြောင်းရင်းကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်သည်။ မီးကို နာရီပေါင်း အတော်ကြာကြာ အချိန်ယူပြီးမှ ထိန်းချုပ် ငြှိမ်းသတ်နိုင်ခဲ့သည်။ ယခုအခါ အခင်းဖြစ်ရာ နေရာတွင် မှုခင်းပညာရှင်များက သဲလွန်စများ ရှာဖွေနေပြီး ဒဏ်ရာရသူများကို ဆေးရုံသုံးခုသို့ ခွဲဝေ ပို့ဆောင်ထားသည်။

“သေတဲ့လူ တော်တော်များများက ရုပ်မမှတ်မိတော့ဘူး။ တစ်ကိုယ်လုံး ဆိုးဆိုးရွားရွားကို မီးလောင်ထားတာပါ”ဟု မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးဖြစ်သည့် အိုနီ ဆာဟ်ရိုနီက ပြောကြားခဲ့သည်။

အဆိုပါ စက်ရုံမှာ အသစ်ဖြစ်ပြီး လုပ်ငန်းလည်ပတ်သည်မှာ ခြောက်လမျှသာ ရှိသေးကြောင်း သိရသည်။ မီးလောင်ကျွမ်းရသည့် အကြောင်းရင်းကို လက်ရှိအချိန်ထိ တိတိကျကျ မဖော်ထုတ်နိုင်သေးချေ။

Ref: Guardian