အိန္ဒိယတွင် စာသင်ကျောင်းများ ပိတ်ရသည့်အထိ မီးခိုးမြူဖုံးမှုက ပြည်သူ့ ကျန်းမာရေး အရေးပေါ်အဆင့် ရှိနေ

နယူးဒေလီ၊ နိုဝင်ဘာ ၁၀

အိန္ဒိယနိုင်ငံတွင် အဆိပ်အတောက်ဖြစ်စေနိုင်သော လေထုညစ်ညမ်းမှုမှ အန္တရာယ်များသည့် မီးခိုးမြူဖုံးမှု ဖြစ်ပွားနေသည်မှာ သုံးရက်ဆက်တိုက်   ရောက်လာပြီး နိုင်ငံမြောက်ပိုင်းတစ်ခွင်က စာသင်ကျောင်းများကို နိုဝင်ဘာ ၉ ရက်တွင် ပိတ်ထားရပြီ ဖြစ်သည်။

ထိုပြဿနာအား အစိုးရအနေဖြင့် အားချင်းဖြေရှင်းပေးရန် တောင်းဆိုမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာလျက် ရှိကာ ဆရာဝန်များက ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ပေးရန် တောင်းဆိုနေသည်။

အိန္ဒိယမြောက်ပိုင်းနယ်မြေဒေသများနှင့် နယ်ချင်းထိစပ်နေသည့် ပါကစ္စတန်ဒေသအချို့တွင် လေထုအတွင်း ညှော်နံမကင်းဖြစ်သည့်အထိ မီးခိုးမြူဖုံးမှု ဖြစ်ပေါ်နေခြင်းကြောင့် ပန်ဂျပ်ပြည်နယ်အစိုးရက ပြည်နယ်တွင်းရှိ စာသင်ကျောင်းအားလုံး ၂၅၀၀၀ ကို ပိတ်ထားရပြီဖြစ်သည်။

နိုင်ငံ၏ မြို့တော် နယူးဒေလီတွင် စာသင်ကျောင်း ၆၀၀၀ စလုံးကို နိုဝင်ဘာ ၁၂ ရက်အထိ ပိတ်ထားရန် အာဏာပိုင်များက အမိန့်ထုတ်ပြန်ပြီး နောက်တစ်ရက်တွင် ပန်ဂျပ်အစိုးရက ယခုကဲ့သို့ ဆုံးဖြတ်ချက်ချ အမိန့်ထုတ်ပြန်လာခြင်းပဲ ဖြစ်သည်။

လေငြိမ်နေကာ ရိတ်သိမ်းရာသီအပြီး တောင်ယာမီးရှို့မှုများကြောင့် ပန်ဂျပ်ပြည်နယ်နှင့် အနီးနား နယ်မြေများ တွင် ဘေးကင်းသည့်အဆင့်ထက် များစွာပိုသောအန္တရာယ်အဆင့်   လေထုညစ်ညမ်းမှု ဖြစ်ပေါ်နေခြင်းဖြစ် သည်။

အမေရိကန်သံရုံး ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော စာရင်းဇယားအရ ကျန်းမာရေးကို များစွာထိခိုက်စေ သော လေထုအတွင်း အမှုန်အမွှားပါဝင်မှု PM2.5 နှုန်းထားသည် နိုဝင်ဘာ ၈ ရက် နေ့လယ်ပိုင်းတွင် နယူးဒေလီမှာ ၁၀၀၀ ကျော်အဆင့်ထိ မြင့်တက်ခဲ့ပြီး နိုဝင်ဘာ ၉ ရက်တွင် ၅၉၀ နှုန်းထားအဆင့်သို့ ပြန်လည် ကျဆင်းကြောင်း ဖော်ပြထားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ လမ်းညွှန်ထားချက်တွင် လူတိုင်းအတွက် ၂၄ နာရီစလုံး ပြင်ပတွင် ဘေးကင်းစွာ နေထိုင်နိုင်မည့် လေထုအတွင်း PM2.5 ပါဝင်နှုန်းထားမှာ အများဆုံး ၂၅ အဆင့်သာ ရှိရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

-Ref; AFP