အစိုးရနှင့် အပစ်ရပ်အဖွဲ့များ NCA သုံးသပ်ဆွေးနွေးပွဲ ပြုလုပ်

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ် (NCA)အကောင်အထည် ဖော်မှုလုပ်ငန်းစဉ် ဆိုင်ရာ လိုအပ်ချက်များ သုံးသပ်ပြင်ဆင်ရန် အစိုးရနှင့် စာချုပ်တွင် ပါဝင်လက် မှတ်ရေးထိုးထားသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်မြို့ ၌ အောက်တိုဘာ ၂၅ ရက်က စ၍ ကျင်းပခဲ့သည်။ ၂ နှစ်အတွင်း NCA ပါလုပ်ငန်းစဉ်များ အကောင်အထည် ဖော်မှုနှင့်ပတ်သက်၍ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အ ဖွဲ့များ ပထမဆုံးအကြိမ် ပူးတွဲ ပြန်လည်သုံးသပ်ဆွေးနွေးခြင်း ဖြစ်သည်။ 

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် အကောင်အထည်ဖော်ခဲ့သည့် NCA လုပ်ငန်းစဉ်တွင် ညှိနှိုင်းဆွေးနွေးမှု ဖြစ်စဉ်တစ်ခု အကောင်အထည်ဖော်ပြီး ထိန်းသိမ်းသွားရန် လိုအပ်ကြောင်းနှင့်ဆက်လက်၍ အရှိန်အဟုန် ရပ်တန့်သည့် ဖြစ်စဉ်များမရှိနိုင်ရန် နှစ်ဖက်ညှိနှိုင်းထိန်းသိမ်းရမည်ဖြစ် ကြောင်း တပ်မတော်ကိုယ်စား လှယ် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ဆွေးနွေးပွဲအဖွင့်အမှာစကား တွင် ထည့်သွင်းပြောကြားသည်။ 

‘‘NCA ၂ နှစ်အကောင်အထည်ဖော်တဲ့နေရာမှာ ကျွန်တော်တို့ Process နဲ့ပတ်သက်ပြီးတော့မှ အရှိန်အဟုန် ကျနေလား၊ အရှိန်အဟုန်က တက်နေသလား၊ ဘယ် နေရာမှာ တက်နေသလဲ စသဖြင့် ဒါတွေကို ကျွန်တော်တို့ ဒီနေ့ ကျေကျေလည်လည် တစ်ဖက်နဲ့တစ်ဖက် ဆွေးနွေးကြမှာ ဖြစ်ပါတယ်’’ဟု ၎င်းက ပြောသည်။  NCA အကောင်အထည် ဖော်မှုလုပ်ငန်းစဉ် ပြန်လည်သုံးသပ်ရာ တွင် ရှေ့ဆက်လုပ်ငန်းစဉ်ချော မွေ့နိုင်ရန် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များအကြား နိုင်ငံရေးအရ တူညီသည့် ရည်မှန်းချက်များ ထားရှိရန်၊ လက်တွေ့ ကြုံနေရသည့် အခက်အခဲများအ တွက် စနစ်တကျ ပြင်ဆင်လိုခြင်း နှင့် ဖြေရှင်းနိုင်မည့်နည်းလမ်းများကို ရှာဖွေလိုခြင်း စသည့်ရည်ရွယ် ချက်သုံးရပ်ထားရှိကြောင်း  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ NCA အကောင်အထည်ဖော်မှု ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အလုပ်အဖွဲ့ ခေါင်းဆောင် ဦးသံခဲက ပြောသည်။ 

‘‘ဒီအခက်အခဲတွေကို ဖြေရှင်းနိုင်မယ်ဆိုရင် အခု NCA ထဲ မှာရှိနေတဲ့ အဖွဲ့တွေသာ မဟုတ် ဘဲ နောက်ဒီထဲမှာ မပါသေးတဲ့ အဖွဲ့တွေအတွက်ပါ ကျွန်တော်တို့အားလုံးဟာ နမူနာတစ်ခုသဖွယ် ဖြစ်လာနိုင်ပါတယ်။ ဒီအစည်းအ ဝေးဟာ အဲဒီအတွက်ကိုလည်း အလေးအနက်ထားပါတယ်’’ဟု  ၎င်းက ဆက်လက်ပြောသည်။  အဆိုပါဆွေးနွေးပွဲကရရှိသည့် သုံးသပ်ချက်များကို နောက်တစ်ကြိမ်ကျင်းပရန်ရှိသော နှစ်ဖက်ထိပ်သီး ခေါင်းဆောင်များ တက်ရောက်ရမည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) တွင် တင်ပြဆောင်ရွက်နိုင်ရန် ရည်ရွယ် ကြောင်းလည်း ၎င်းကဆက်လက် ပြောသည်။ 

NCA အကောင်အထည်ဖော်မှုကို သုံးသပ်နိုင်ရန် အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များက အောက်တိုဘာ ၁၆ ရက် က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ ဆုံစဉ် တင်ပြခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ပြောရေးဆိုခွင့်ရှိ သူ ဦးဇော်ဌေးက ပြောသည်။  ဆွေးနွေးပွဲတွင် အစိုးရ၊ တပ်မတော်နှင့် လွှတ်တော်ဘက်မှ ကိုယ်စားလှယ်များနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ဦးသံခဲဦးဆောင်၍ ၁၃ ဦးပါဝင် သည့် ကိုယ်စားလှယ်အဖွဲ့တို့က တွေ့ဆုံ ညှိနှိုင်းနေခြင်းဖြစ်ပြီး အောက်တိုဘာ ၂၇ ရက်အထိ သုံး ရက်ကြာပြုလုပ်မည်ဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲတွင် NCAအကောင်အထည်ဖော်မှုလုပ်ငန်း များကို သုံးသပ်ဆွေးနွေးပြီး လိုအပ်သည်များ ပြင်ဆင်နိုင်ရန် အစုအဖွဲ့အားလုံး သဘောတူသည့်အချက် များ ရွေးထုတ်မည်ဟု ပအိုဝ်းအဖွဲ့(PNLO) ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာကပြောကြားထားသည်။  မေလတွင် ကျင်းပသည့် ပင်လုံအစည်းအဝေး၌ ပြည်ထောင်စု သဘောတူစာချုပ်အစိတ်အပိုင်း အဖြစ် ကဏ္ဍငါးခုမှ အချက် ၃၇ချက်ရှိသော်လည်း  ထိုရရှိသည့် အချက်များ အပေါ် အစုအဖွဲ့များ က မကျေလည်မှုများရှိသဖြင့် ပြန် လည်သုံးသပ်နေသည်။  NCA ကို ၂၀၁၅ အောက်တို ဘာ ၁၅ ရက်က အစိုးရနှင့် တိုင်း ရင်းသားလက်နက်ကိုင်ရှစ်ဖွဲ့တို့ လက်မှတ်ရေးထိုးခဲ့သည်။