အင်းစိန်ဗဟိုအကျဉ်းထောင် ပါဆယ်လက်ခံသည့်နေရာ ပေါက်ကွဲမှုဖြစ်ပွားပြီး ရှစ်ဦးသေဆုံးမှုဖြစ်စဉ်မှ ကျူးလွန်သူ နှစ်ဦးအား ဖမ်းဆီးရမိ

အင်းစိန်ဗဟိုအကျဉ်းထောင် ပါဆယ်လက်ခံသည့်နေရာ ပေါက်ကွဲမှုဖြစ်ပွားပြီး ရှစ်ဦးသေဆုံးမှုဖြစ်စဉ်မှ ကျူးလွန်သူ နှစ်ဦးအား ဖမ်းဆီးရမိကြောင်း နိုဝင်ဘာ ၁၄ ရက်ညပိုင်း MRTV ည ၈ နာရီသတင်းတွင် ထုတ်ပြန်ကြေညာသည်။

ထုတ်ပြန်ချက်အရ အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် အဆိုပါအမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးဆောင်ရွက်မှုများကို ကြေညာပြီးပြီးဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်လျှက်ရှိရာ အင်းစိန်ဗဟို အကျဉ်းထောင်အား ဖောက်ခွဲမှုကျူးလွန်စဉ် မှတ်တမ်းတင် VIDEO ရိုက်ကူးခဲ့ပြီး လူမှုကွန်ရက် Social Media ပေါ်တွင် ထုတ်လွှင့်ဖော်ပြခဲ့သူ ချမ်းမြေ့သူ(ခ)ဂျူးဂျူး(ခ)JULU (၂၅)နှစ်အား အောက်တိုဘာ ၂၅ ရက် ည ၆ နာရီ ၂၀ မိနစ်တွင် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ မင်းရဲကျော်စွာလမ်း၊ ဒဂုံတက္ကသိုလ်မှတ်တိုင်၌ စတင်ဖမ်းဆီး ရမိခဲ့ကြောင်း၊ ထို့နောက်ဆက်လက်စစ်ဆေးချက်အရ ၎င်း၏ခင်ပွန်းဖြစ်သူ ကောင်းထက်(ခ)ဖိုးစီ (၂၅)နှစ် အား ဆက်လက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူ ကောင်းထက်(ခ)ဖိုးစီ၏ထွက်ဆိုချက်အရ ၎င်းထံသို့ အောက်တိုဘာလ ၁၀ ရက် ညပိုင်းက “စွန်ရဲ” ဆိုသူအမျိုးသမီးက Signal မှ ဆက်သွယ်ကာ အင်းစိန်ဗဟိုအကျဉ်းထောင်အား ဖောက်ခွဲတိုက်ခိုက်ရန်နှင့် ၎င်းတိုက်ခိုက်မှုအား ကျော်ဟိန်း (ဖမ်းဆီးရန်ကျန်) နှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အင်းစိန်ဗဟို အကျဉ်းထောင်၏ ဝင်/ထွက်ပေါက်ရှိ လူဝင်/ထွက်စာရင်းမှတ်သည့်နေရာနှင့် ပစ္စည်းလက်ခံသည့်နေရာတို့ကို ကြီးကြပ်သည့် ဒုထောင်မှူးင့် ထောင်ဝန်ထမ်းများအား ပစ်မှတ်ထားတိုက်ခိုက်ရန် စေခိုင်းခဲ့သည်ဟု ဖော်ပြပါရှိသည်။

ဆက်လက်ဖော်ထုတ်ချက်များအရ ကောင်းထက် (ခ) ဖိုးစီသည် “Special Task Agency Of Burma (STA) အထူးတာဝန်လုပ်ငန်းအဖွဲ့” ၏ စေခိုင်းချက်အရ ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၂ ရက် မွန်းလွဲ ၂ နာရီ ၃၅ မိနစ်ခန့်က သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်ရပ်ကွက်၊ ဦးဘဟန်လမ်းရှိ သင်္ဃန်းကျွန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဦးစီးမှူးဦးဝင်းနိုင်ထွေးနှင့် ဒုဦးစီးမှူး ဦးကျော်မိုးတို့အား သေနတ်ဖြင့်ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်တွင် အခြေအနေစောင့်ကြည့်ပေးခြင်းတွင် ပူးပေါင်းပါဝင်ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရကြောင်း၊ ယင်းကြောင့် ဖြစ်စဉ်တွင် ဖမ်းဆီးရမိသည့် ကောင်းထက်(ခ)ဖိုးစီနှင့် ချမ်းမြေ့သူ(ခ) ဂျူးဂျူး(ခ) JULU တို့ နှစ်ဦးအား အရေးယူနိုင်ရေးနှင့် ၎င်းတို့နှင့် ပူးပေါင်းပါဝင်ကျူးလွန်ခဲ့ကြသည့် ဖမ်းဆီးရန်ကျန်တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

အောက်တိုဘာ ၁၉ ရက် နံနက် ၉ နာရီ ၄၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အင်းစိန်ဗဟိုအကျဉ်းထောင်၏ ဝင်/ထွက်ပေါက်ဂိတ်ရှိ အကျဉ်းသားများအတွက် ပါဆယ်ထုပ်လက်ခံသည့် အဆောက်အဦအတွင်းနှင့် အပြင်ဘက်တို့တွင် ပါဆယ်ထုပ်များအတွင်း မိုင်းများထည့်သွင်းဖောက်ခွဲခဲ့မှုကြောင့် အကျဉ်းထောင်ဝန်ထမ်း သုံးဦးနှင့် အကျဉ်းသားများအတွက် ပါဆယ်ထုပ်လာရောက်ပေးပို့သူ အမျိုးသမီး ငါးဦး၊ စုစုပေါင်း ရှစ်ဦးတို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြပြီး အကျဉ်းထောင်ဝန်ထမ်း ငါးဦး၊ အကျဉ်းသားများအတွက် ပါဆယ်ထုပ်လာရောက်ပေးပို့သူ အမျိုးသား ငါးဦးနှင့် အမျိုးသမီး ရှစ်ဦး၊ စုစုပေါင်း ၁၈ ဦးတို့တွင် မိုင်းစထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း သိရသည်။

source: elevennews