သေနတ်သမားနှင့်ကြုံလျှင် တုံ့ပြန်ရမည့်အစီအစဉ်ကို ဘဏ်လုံခြုံရေးများအား သင်တန်းပေးရန် ဘဏ်လုပ်ငန်းအကြံပေး အကြံပြု

မြိတ်မြို့ ကမ္ဘောဇမီနီဘဏ်ခွဲတွင် သေနတ်ဖြင့် ခြိမ်းခြောက်၍ ငွေလုယူခံရပြီးနောက် ဘဏ်လုံခြုံရေးဝန်ထမ်းများ သေနတ်သမားနှင့်ကြုံတွေ့ပါက တုံ့ပြန်ရမည့် အစီအစဉ်များနှင့် ပတ်သက်၍ သီးသန့် သင်တန်းများ စီ စဉ်ပေးရန် လိုအပ်လာပြီဟု ဘဏ်လုပ်ငန်းအကြံပေး ဦးရဲမင်းဦးက အကြံပြုပြောကြားသည်။

အောက်တိုဘာ ၂၄ ရက် နေ့လယ်က မြိတ်မြို့ရှိ ကမ္ဘောဇ မီနီဘဏ်ခွဲတွင် ဆိုင်ကယ်ဦးထုပ် ဆောင်းထားသည့် အမျိုးသားတစ်ဦးက သေနတ်ဖြင့် ခြိမ်းခြောက်ကာ ကျပ်သိန်း ၂၇၀ ကို အိတ်ဖြင့် ယူဆောင်ထွက်ပြေးခဲ့သည်။ လက်ရှိ ဘဏ်လုံခြုံရေးများ နှင့်ပတ်သက်သော သင်တန်းများက ငွေထုပ်လုယူသူများကို ခုခံ ကာကွယ်နည်း၊ ညဘက် ဘဏ်ဖောက်မှုများ၊ ခိုးယူမည့်သူများကို ကာကွယ် နည်း၊ မီးဘေးနှင့်ပတ် သက်သော လုံခြုံရေး စသည့် သင်တန်းအမျိုးအစားများသာ သင် ကြားကြောင်း ဦးရဲမင်းဦးကပြောသည်။

‘‘ပြီးတော့ ဘဏ်လုံခြုံရေး တွေကို ခန့်ရာမှာ ငွေထုပ်သယ် နိုင်မလား၊ ကားပေါ် တင်နိုင်မ လား။ ဒါမျိုးတွေကို အဓိကကြည့် ပြီးခန့်ကြတယ်။ ဒါတွေကိုလည်း ပြင်ဆင်ဖို့လိုတယ်’’ဟု ဦးရဲမင်းဦး က ပြောသည်။ ထို့အပြင် ဘဏ်လုံခြုံရေး ဝန်ထမ်းများ ခန့်အပ်ခြင်းနှင့်ပတ်သက်၍ အငြိမ်းစားတပ်မတော် ဝန်ထမ်းများ၊ အငြိမ်းစား ရဲတပ်ဖွဲ့ ဝန်ထမ်းများကို ဦးဆောင်သူနေရာတွင် ခန့်ထားပြီး သင်တန်းများ လည်း စနစ်တကျထပ်မံသင်ကြား ပေးရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

ထို့အပြင် သေနတ်ဖြင့် ငွေလုယူမှု၊ ဓားပြမှုများကြုံတွေ့ပါက သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့ကို အလျင်အမြန် သိစေရန် လျှို့ဝှက်အချက်ပေး ခေါင်းလောင်းများကိုလည်း ဘဏ်များ၌ တပ်ဆင်ရန် စီစဉ်သင့်သည်ဟု ဦးရဲမင်းဦးက အကြံပြုသည်။ ယင်းကဲ့သို့ လျှို့ဝှက်အချက်ပေးစနစ်များ ဘဏ်များတွင် တပ်ဆင်ရန် ဗဟိုဘဏ် က စဉ်းစားနေကြောင်း မြန်မာနိုင်ငံ ဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်သန်းက ပြောကြားသည်။ ဘဏ်များ၏ လုံခြုံရေးနှင့် ပတ်သက်၍ အထူးဂရုစိုက်ရန် ဗဟိုဘဏ်က ညွှန်ကြားထားကြောင်း ၎င်းက ပြောသည်။

ဘဏ်များလုံခြုံရေးနှင့် ပတ်သက်၍ ဗဟိုဘဏ်က စစ်ဆေး သည့်အပိုင်းတွင် ငွေသိမ်းဆည်း သည့်အခန်း လုံခြုံရေး၊ ဘဏ်အဆောက်အအုံ (အထူးသဖြင့် အကာအရံများကိုမှန်များအပြင် သံပန်းတံခါးများ၊ သံပန်း အကာအကွယ်များ တပ်ဆင်ခြင်း)၏ လုံခြုံမှုနှင့် မီးဘေးအန္တရာယ်လုံ ခြုံရေး(ဓာတ်ဆီဆိုင်အနီးဘဏ် ဖွင့်ခွင့် မပြုခြင်း)နှင့် ဘဏ်များတွင် လုံခြုံရေးကင်မရာများ တပ်ဆင်ထားခြင်း စသည်တို့ဖြစ်ကြောင်း ဦးအောင် ကျော်သန်း က ပြောသည်။

မြန်မာနိုင်ငံတွင် သေနတ် များပျံ့နှံ့မှု မည်မျှရှိနေသည်ကို မသိရခြင်းကြောင့် ဘဏ်များအ နေဖြင့် လုံခြုံရေးကို အထူးစိုးရိမ် သင့်ကြောင်း ဘဏ်လုပ်ငန်းအ သိုင်းအဝိုင်းက တာဝန်ရှိသူအချို့က ပြောသည်။ လက်ရှိ ကြုံတွေ့ခဲ့သည့် ဖြစ်စဉ်ကြောင့် ကမ္ဘောဇဘဏ်ကလည်း လုံခြုံရေးအင်အားထပ်မံ တိုးမြှင့်ခြင်း၊ လုံခြုံရေးဆိုင်ရာ ပစ္စည်းများနှင့်ပတ်သက်၍ တိုးမြှင့်ခြင်းများ ဆောင်ရွက်မည်ဟု အဆိုပါဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ဘဏ်များ လုံခြုံရေးအပြင် ဘဏ်ဝန်ထမ်း များ၏လုံခြုံရေးကိုလည်း ဘဏ် ပိုင်ရှင်များက အလေးထားသင့် ကြောင်း ပြည်တွင်းပုဂ္ဂလိကဘဏ် တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ နယ်အချို့တွင် ဘဏ်များ၏ အပ်ငွေလိုအပ်ချက်နှင့်ပတ်သက်၍ ဘဏ်ဝန်ဆောင်မှုများကို ငွေကြေးလွှဲပြောင်းလိုသူ၊ ငွေအပ်လို သူ၏ အိမ်အရောက်ဝန်ဆောင်မှုပေးနေရခြင်းများက ဘဏ်ဝန် ထမ်းများအတွက် နေ့စဉ် အန္တရာယ်ကို ဖိတ်ခေါ်နေသကဲ့သို့ ဖြစ်နေကြောင်း ၎င်းကပြောသည်။

ငွေအပ်လိုသူ၊ ငွေလွှဲပြောင်း လိုသူများထံမှ ငွေထုပ်များ သယ်ဆောင်ပြီး သက်ဆိုင်ရာဘဏ်သို့ ပြန်လာရခြင်း များကို နယ်ဘဏ်ခွဲများမှ ဘဏ်ဝန်ထမ်းများက ပြုလုပ်နေရခြင်းသည် အန္တရာယ်ကို လက်ကမ်း ခေါ်ဆောင် သကဲ့သို့ ဖြစ်နေကြောင်း ဘဏ်အရာရှိတစ်ဦးကပြောသည်။