အမျိုးသားအဆင့် ဆွေးနွေးပွဲ ကျင်းပခွင့်ရပါက ငါးရက်အတွင်း စတင်နိုင်ဟု ALP ပါတီပြောကြား

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်ကို ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) က ခွင့်ပြုပါက ငါးရက်အတွင်း စတင်နိုင်ကြောင်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဒေါ်စောမြရာဇာလင်းက ပြောသည်။

လာမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစု ပင်လုံမတိုင်မီ ရခိုင်ပြည်နယ်တွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်ရရှိရေးအတွက် ဖေဖော်ဝါရီ ၂၁ ရက်၌ UPDJC အတွင်းရေးမှူးအဖွဲ့ထံ စာပို့မည်ဟု ၎င်းက ဆိုသည်။

‘‘ဘယ်အကြောင်းပြချက်နဲ့မှ ကျွန်မတို့ကို တားမြစ်ဟန့်တားခြင်းငှာ မပြုသင့်ဘူး။ ကျွန်မတို့က NCA လက်မှတ် ရေးထိုးထားတဲ့ အဖွဲ့ဖြစ်တယ်။ NCA အရ သွားနေတာပဲဖြစ်တယ်။ ၂၁ ပင်လုံ မတိုင်ခင်မှာ ကျင်းပဖို့ပါ။ ကျွန်မတို့ က အခုခွင့်ပြုချက်ရတယ်ဆိုရင် ငါးရက်အတွင်းမှာ စီစဉ်လို့ရတဲ့သဘောရှိတယ်။ ကျွန်မတို့စစ်တွေမှာ ကျင်းပဖို့ ပါပဲ’’ ဟု ဒေါ်စာမြရာဇာလင်းက ဆိုသည်။

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့အနက် ရခိုင်လက်နက်ကိုင်အဖွဲ့ (ALP) တစ်ဖွဲ့သာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့် မရရှိသေးခြင်းဖြစ် သည်။ နေပြည်တော်၌ ဖေဖော်ဝါရီ ၆ ရက်က ကျင်းပသည့် UPDJC အစည်းအဝေးတွင် ချင်းနှင့် ရခိုင်ပြည်နယ်ကို အဆင်သင့်မဖြစ်သေးဟုဆိုကာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခွင့်မပြုခဲ့ပေ။ သို့ရာတွင် ချင်းပြည်နယ်၌ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်ကို ဖေဖော်ဝါရီ ၁၃ ရက်က ပြန်လည် ခွင့်ပြုခဲ့သည်။

ရခိုင်ပြည်နယ်တွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရန် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၊ ရခိုင်အမျိုးသားပါတီ (ANP) နှင့် ရခိုင်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်သော ရခိုင်အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးမှု ဖြစ်မြောက်ရေးကော်မတီကို ဖေဖော်ဝါရီ ၁၅ ရက်က ဖွဲ့စည်းခဲ့သည်။

အဆိုပါကော်မတီအနေဖြင့် ရခိုင်ပြည်နယ်အနှံ့တွင် လူထုနှင့် ဆက်တိုက်တွေ့ဆုံ၍ အကြိုဆွေးနွေးပွဲများ ပြုလုပ်ရန် စီစဉ်နေပြီး ဖေဖော်ဝါရီ ၂၁ ရက်၌ စစ်တွေမြို့ တွင် စတင်မည် ဟု ဒေါ်စောမြ ရာဇာလင်း က ဆိုသည်။

# 7 Day Daily