ဂျပန်နပန်းသမားဘဝမှ နိုင်ငံရေးသမားဖြစ်လာသူ ကန်ဂျီအီနိုကီ မြောက်ကိုရီးယား သွားရောက်

ဂျပန်နပန်းသမားဘဝကနေ ထင်ပေါ်တဲ့ နိုင်ငံရေးသမားဖြစ်လာတဲ့ ကန်ဂျီအီနိုကီဟာ မြောက်ကိုရီးယားနိုင်ငံကို စက်တင်ဘာ ၇ ရက်မှာ အလည်အပတ် ရောက်ရှိသွားခဲ့ပါတယ်။

မြောက်ကိုရီးယားအစိုးရ သတင်းမီဒီယာ ကေစီအန်အေကနေ ရိုက်တာသတင်းဌာနကို ပေးပို့တဲ့ ဗွီဒီယိုဖိုင်မှာ ကန်ဂျီအီနိုကီနဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ပြုံယမ်း နိုင်ငံတကာလေဆိပ်ကို ရောက်ရှိသွားတာ တွေ့ရပါတယ်။

သူဟာ စက်တင်ဘာ ၉ ရက်မှာ ကျရောက်တဲ့ မြောက်ကိုရီးယားနိုင်ငံ တည်ထောာင်ခြင်း နှစ်ပတ်လည် အခမ်းအနားကို တက်ရောက်ဖို့ သွားရောက်တာဖြစ်တယ်လို့ ဂျပန်သတင်းမီဒီယာ ကျိုဒိုမှာ ဖော်ပြထားပါတယ်။

သူဟာ မြောက်ကိုရီးယားခေါင်းဆာင် ကင်ဂျုံအန်းနဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိတဲ့ ထိပ်တန်း တာဝန်ရှိသူတွေဖြစ်တဲ့ ဝါရင့်သံတမန် ရီဆူယောင်နဲ့ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့လည်း ကျိုဒိုသတင်းမှာ ဖော်ပြထားပါတယ်။

မြောက်ကိုရီးယားဟာ ၆ ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုအဖြစ် နောက်ဆုံးအကြိမ်ကထက် ၁၀ ဆပြင်းထန်တဲ့ ဟိုက်ဒရိုဂျင်ဗုံးကို စက်တင်ဘာ ၃ ရက်က ပြုလုပ်ထားတာ ဖြစ်ပါတယ်။

(DVB)