ယူအက်စ်အိုးပင်းမှာ ဂျူအန်မာတင်က နာမည်ကြီးဖက်ဒရာကို အနိုင်ယူပြီး ဆီမီးဖိုင်နယ်တက်

 

ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း ကွာတားဖိုင်နယ်ပွဲစဉ်မှာ အာဂျင်တီးနားမှ ဒဲလ်ပေါ့ထရိုက နာမည်ကြီး ရော်ဂျာဖက်ဒရာကို အနိုင်ယူပြီး ဆီမီးဖိုင်နယ် တက်ရောက်ခဲ့ပါတယ်။

ယူအက်စ်အိုးပင်းမှာ နိုင်ခြေအဆင့် ၂၄ အဖြစ် သတ်မှတ်ခံထားရတဲ့ မာတင်က နိုင်ခြေအဆင့် ၃ ဖြစ်တဲ့ ဆွစ်ဇာလန်တင်းနစ်ကစားသမား ဖက်ဒရာကို အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။ နယူးယော့ခ်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ မာတင်က ဖက်ဒရာကို ၇-၅၊ ၆-၇၊ ၇-၆၊ ၆-၄ ဖြင့် အနိုင်ရခဲ့ပါတယ်။

အသက် ၂၈ နှစ်အရွယ် မာတင်က ဆီမီးဖိုင်နယ်မှာ လက်ရှိ ကမ္ဘာအဆင့်တစ် တင်းနစ်ကစားသမား ရာဖေး နာဒယ်နဲ့ တွေ့ဆုံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ နာဒယ်က ဆယ်ကျော်သက် ရုရှားတင်းနစ်ကစားသမား အန်ဒရီရူဘီလက်ဗ်ကို အနိုင်ရပြီး ဆီမီးဖိုင်နယ် တက်ရောက်ခဲ့ပါတယ်။

ဂရင်းဆလင်းအဆင့် ချန်ပီယံကို ၁၉ ကြိမ် ရရှိထားတဲ့ ဖက်ဒရာ ရှုံးနိမ့်ထွက်ခွာရမှုက နာဒယ်နဲ့ဖက်ဒရာတို့ ယူအက်စ်အိုးပင်းမှာ တွေ့ဆုံနိုင်ကြောင်း ခန့်မှန်းချက်ကို ပျက်ပြယ်စေခဲ့ပါတယ်။

“ဒီနှစ် ကျွန်တော် ကစားခဲ့တဲ့ ယူအက်စ်အိုးပင်းပွဲတွေထဲမှာ ဒီပွဲကို အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်” လို့ မာတင်က ပြောပါတယ်။ မာတင်က ၂၀၀၉ ခုနှစ် ယူအက်စ်အိုးပင်း ချန်ပီယံဆုကို ရရှိထားပြီး အဆိုပါဆုဟာ ၎င်းအတွက် ပထမဆုံး ဂရင်းဆလင်းအဆင့် ချန်ပီယံဆုလည်း ဖြစ်ပါတယ်။

(Duwun sports)