ငွေကြေးအခက်ခဲကြောင့် မြန်မာလိဂ် ၂ ချန်ပီယံအသင်း ဖျက်သိမ်း

မြန်မာ လိဂ် ၂ ချန်ပီယံ စီးတီးရန်ကုန်ဘောလုံးအသင်းကို ဖျက်သိမ်းလိုက်ပြီလို့ တာဝန်ရှိသူ တယောက်က ပြောပါတယ်။

အသင်းဥက္ကဋ္ဌနဲ့ ဒါရိုက်တာတွေကို ဗီဇာထပ်တိုးမပေးတော့တဲ့အတွက် အသင်းစီမံခန့်ခွဲဖို့နဲ့ ငွေကြေး အခက်အခဲတွေ ဖြစ်လာတာကြောင့် ဖျက်သိမ်းလိုက်တာလို့ အသင်းအုပ်ချုပ်သူ ဦးကျော်ကျော်ဦးက ပြောပါတယ်။

“အသင်းဥက္ကဋ္ဌနဲ့ ဒါရိုက်တာတွေက တူရကီနိုင်ငံသားတွေ ဖြစ်ပါတယ်။ တူရကီနိုင်ငံရဲ့ နိုင်ငံရေးပြဿနာ တွေကြောင့် Black List သွင်းခံရတဲ့ ၄၄ ယောက်စာရင်းထဲမှာ ပါနေပြီး မြန်မာအစိုးရက ဗီဇာသက်တမ်း မတိုးပေးတာကြောင့် ပြီးခဲ့တဲ့လကပဲ ထွက်သွားရပါပြီ။ အသင်းဖျက်သိမ်းဖို့ကတော့ ဒီလထဲမှာပဲ ဆုံးဖြတ်ခဲ့ တာပါ” လို့ ပြောပါတယ်။

လာမယ့် အပတ်ထဲမှာ မြန်မာနေရှင်နယ်လိဂ်ကို တရားဝင် အသိပေးသွားမယ်လို့လည်း သူက ပြောပါတယ်။

စီးတီးရန်ကုန်အသင်းဟာ ၂၀၁၇ ခုနှစ် မြန်မာလိဂ်မှာ ရှုံးပွဲမရှိ ချန်ပီယံဖြစ်ထားပြီး တန်းတက်ခွင့် ရထားတာ ဖြစ်ပါတယ်။

အသင်းကို ဖျက်သိမ်းပေမယ့် မြန်မာဘောလုံး ဖွံ့ဖြိုးရေးတွေကိုတော့ ဆက်ပြီး ဆောင်ရွက်သွားမယ်လို့လည်း ဦးကျော်ကျော်ဦးက ပြောပါတယ်။   

(DVB)