တပ်မတော်လေ့ကျင့်ပျံသန်းရေး ဂျက်လေယာဉ်တစ်စီး ပျံသန်းနေစဉ် အဆက်အသွယ် ပြတ်တောက် ပျောက်ဆုံးနေ

တပ်မတော်(လေ)လေ့ ကျင့်ပျံသန်းရေး ဂျက်လေယာဉ် တစ်စီးသည် စက်တင်ဘာ ၅ ရက် နံနက်က ပျံသန်း နေစဉ် အဆက်အသွယ် ပြတ်တောက်သွားပြီး ပျောက်ဆုံးနေကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး က သတင်းထုတ်ပြန်သည်။

လေယာဉ်မှူး ဗိုလ်မှူးတစ်ဦး မောင်းနှင်သည့် G-4 ဂျက်လေ ယာဉ်တစ်စီးသည် ပုသိမ်-ဟင်္သာ တ-ဂွ-ပုသိမ်လမ်းကြောင်းအတိုင်း ပျံသန်းလေ့ကျင့်နေစဉ် စက်တင်ဘာ ၅ ရက် နံနက် ၉ နာရီ ၁၈ မိနစ်တွင် အဆက်အသွယ် ပြတ်တောက်ခဲ့ခြင်းဖြစ်သည်။

ပျောက်ဆုံးနေသော ဂျက်လေယာဉ်သည် အခြားဂျက်လေယာဉ် နှစ်စီးနှင့်အတူ လေ့ကျင့်ပျံ သန်းနေစဉ် ပုသိမ်မြို့၏အနောက်ဘက်မြောက်ဘက် ၃၆မိုင်ခန့်အကွာ၌ ပုသိမ်လေဆိပ်နှင့် နောက်ဆုံးအဆက်အသွယ် ရရှိပြီးနောက်ပိုင်း ပျောက်ဆုံးနေကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပျောက်ဆုံးဂျက်လေယာဉ်ကို မြေပြင်တပ်များနှင့် တပ်မတော်(လေ)မှ လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း ထုတ်ပြန်ထားသည်။ ပျောက်ဆုံးနေသော ဂျက်လေယာဉ်ကို ပုသိမ်မြို့နယ် အောက်ရှိ ရွှေသောင်ယံမြို့နယ်ခွဲနှင့် သာပေါင်းမြို့နယ်ပိုင်နက်တွင် ရှာဖွေနေပြီး စက်တင်ဘာ ၅ ရက် ညနေ ၆ နာရီခန့်အထိ မတွေ့သေးကြောင်း ဧရာဝတီတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့က ပြောသည်။ ရွှေသောင်ယံမြို့နယ်ခွဲနှင့် သာပေါင်းမြို့နယ်သည် ပင်လယ်နှင့် ထိစပ်နေသည့်ဒေသ ဖြစ်သည်။

တပ်မတော်ပိုင် လေယာဉ် နောက်ဆုံးပျက်ကျထားမှုသည် ထားဝယ်မြို့နယ်နှင့် ထိစပ်နေသော ပင်လယ် အတွင်း ၂၀၁၇ ဇွန်လ ၇ ရက်က ပျက်ကျခဲ့သော Y8 လေယာဉ်အမှတ် ၅၂၈၀ ဖြစ်စဉ်ဖြစ်သည်။ Y8 လေယာဉ်အမှတ် ၅၂၈၀ ပျက်ကျမှုဖြစ်စဉ်တွင် လေယာဉ်အမှုထမ်းများအပါအဝင် လိုက်ပါသွားသော လူ ၁၂၄ ဦးစလုံး သေဆုံးခဲ့သည်။