တပ်ချုပ်နှင့် တရုတ်အထူးကိုယ်စားလှယ်တွေ့ဆုံစဉ် ရခိုင်နှင့် ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေး

ရခိုင်ပြည်နယ်အရေး ကိစ္စကို ပြေလည်စွာဖြေရှင်းနိုင်မည်ဟု အပြည့်အဝယုံကြည်ပြီး မြန်မာနိုင်ငံ အကျိုးစီးပွား နှင့်ပတ်သက်၍ မြန်မာနိုင်ငံဘက်က ရပ်တည်ကာ နီးကပ်စွာ ဆက်လက် ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း တရုတ်အထူးကိုယ်စားလှယ် မစ္စတာဆွန်းကော်ရှန်းက တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံစဉ် ပြောကြားသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှအထူးကိုယ်စားလှယ် မစ္စတာဆွန်းကော်ရှန်းတို့ စက်တင်ဘာ ၅ ရက်က နေပြည်တော်တွင်တွေ့ဆုံခဲ့သည်။ ယင်းတွေ့ဆုံပွဲတွင် ရခိုင်ပြည်နယ်အရေးနှင့်  ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အဓိကဆွေးနွေးခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်ရုံး သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယခုတွေ့ဆုံပွဲတွင် ရခိုင် ဒေသ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များကို တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်က ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် တရုတ်အထူးကိုယ်စားလှယ်က ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများကို ရှုတ်ချကြောင်း၊ ကျဆုံးသွားသော တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဝန်ထမ်းများအတွက်လည်း စိတ်မကောင်း ဖြစ်ရပါကြောင်း၊ တရုတ်နိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံ အစိုးရနှင့် တပ်မတော်၏ ပြည်တွင်းငြိမ်းချမ်းရေး ထိန်း သိမ်းလုပ်ဆောင်မှုများကို ပြတ် ပြတ်သားသားထောက်ခံမည်ဖြစ် ကြောင်း ပြောကြားသည်ဟု တပ် မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အပြင် ၎င်းတို့နှစ်ဦးသည် တစ်နိုင်ငံလုံးပစ် ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)အပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့သည်။ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများ အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖော်ဆောင်ရာ၌ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လမ်းကြောင်းပေါ်တွင်သာ လျှောက်လှမ်းရန် လိုအပ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မစ္စတာ ဆွန်းကော်ရှန်းအား ပြောကြားခဲ့သည်။

ပါတီစုံဒီမိုကရေစီခေတ်ကာလ ငြိမ်းချမ်းရေးစတင်ဖော်ဆောင်စဉ်ကပင် နိုင်ငံတော်၏ ပကတိ လိုအပ်ချက် ဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးနှင့် ပါတီစုံဒီမိုကရေစီ စနစ်တွင် လိုက်ပါလုပ်ဆောင်ရန် အချက်နှစ်ချက်ကို ကမ်းလှမ်းခဲ့ ကြောင်း၊ ယင်းကမ်းလှမ်းချက်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက သဘောတူလက်ခံပြီး နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက အကြိမ်ကြိမ်ဆွေးနွေးပြီးမှ NCA လက်မှတ်ရေးထိုးခြင်းဖြစ် ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က ရှင်းပြခဲ့သည်။ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးကို အမှန်တကယ်ရယူလိုသဖြင့် NCA နှင့်ပတ်သက်ပြီး အတတ်နိုင်ဆုံးလိုက်လျော၍ ညှိနှိုင်းဆောင် ရွက်ခဲ့ကြောင်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်က ပြောသည်။

မစ္စတာဆွန်းကော်ရှန်းက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ် ငန်းစဉ်များတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံး ပါဝင်လာစေရေး ဝိုင်းဝန်းကြိုးပမ်း လုပ်ဆောင်နေမှု အခြေအနေများကို ပြန်လည် ဆွေးနွေး ခဲ့ကြောင်း သတင်းထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ထို့အပြင် မစ္စတာဆွန်းကော် ရှန်းက NCA သည် ပြီးပြည့်စုံသည်  ဟု မဆိုနိုင်သော်လည်း လက်ရှိ အခြေအနေ တွင် အကောင်းဆုံးဖြစ်ကြောင်းနှင့် NCA လက်မှတ် ရေးထိုးခြင်းဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းတွင် တည်ငြိမ်အေး ချမ်းမှု အတွက် အာမခံချက်ရရှိနိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့သည်။ NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့  အများစုသည် မြန်မာ-တရုတ်  နယ်စပ်တွင် အခြေပြုလှုပ်ရှားနေသည်။

တအာင်း (TNLA) အဖွဲ့ ဒုဥက္ကဋ္ဌ တာဂျုတ်ဂျားက ‘‘ကျွန် တော်တို့ဘက်ကတော့ ကိုယ့်မူ ကိုယ်ရှိတယ်။ ဘယ်လို သွားရမယ်ဆိုတဲ့ လမ်းကြောင်းကတော့ ကျွန်တော်တို့ဘက်ကလည်း ရှာမယ်။ သူ့ဘက်ကလည်း ရှာသင့်တာပေါ့။ တရားသေဆုပ်ကိုင်ပြီး ပြောနေမယ်ဆိုရင် ငြိမ်းချမ်းရေး က ရမှာမဟုတ်ဘူးလေ’’ဟု NCA နှင့် ပတ်သက်၍   မှတ်ချက်ပြု ပြောကြားသည်။