လျှပ်စစ်ဓာတ်အား တစ်ဆင့်ခံ ဖြန့်ဖြူးပေးသော ပုဂ္ဂလိက ကုမ္ပဏီများကို စိစစ်အရေးယူမည်

လျှပ်စစ်ဓာတ်အား မကြာခဏ ပြတ်တောက်မှု ဖြစ်ပွားလျက်ရှိသော ရန်ကုန်မြို့တော်အတွင်းရှိ မြို့နယ်အချို့တွင် လျှပ်စစ်ဓာတ်အားများ တစ်ဆင့်ခံ ပြန်လည်ဖြန့်ဖြူးရေး လုပ်ဆောင်နေသော ပုဂ္ဂလိက ကုမ္ပဏီများကို စိစစ်အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးအတွက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) နှင့် ပုဂ္ဂလိက ကုမ္ပဏီများအကြား အကျိုးတူ ပူးပေါင်းရေး စာချုပ်များဖြင့် ချုပ်ဆိုဆောင်ရွက်နေသော်လည်း ကုမ္ပဏီအချို့သည် စာချုပ်ပါ အချက်အလက်များကို လိုက်နာမှု အားနည်းမှုများ ဖြစ်ပေါ်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။

လျှပ်စစ်ဓာတ်အား တစ်ဆင့်ခံ ပြန်လည်ဖြန့်ဖြူးရာတွင် နှစ်ဖက်သဘောတူ စာချုပ်များပါ အချက်များကို လိုက်နာမှု အားနည်းသော ကုမ္ပဏီများကို စိစစ်ပြီးနောက် လုပ်ပိုင်ခွင့် ပြန်လည်ရုပ်သိမ်းသည်အထိ ဆောင်ရွက်ရန် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနသို့ တင်ပြသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မေလ ၂၆ ရက်က ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ကျောက်တံတားမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာ၏ လျှပ်စစ်ဖြန့်ဖြူးရာတွင် ပုဂ္ဂလိက ကုမ္ပဏီများမှ တစ်ဆင့် ဆောင်ရွက်နေခြင်းများကို ပြန်လည်သုံးသပ်ရန် အစီအစဉ်ရှိမရှိ မေးခွန်းကို အစိုးရအဖွဲ့က အထက်ပါအတိုင်း ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။

အဆိုပါ ပုဂ္ဂလိက ကုမ္ပဏီများ၏ ဝန်ဆောင်မှုများသည် အားနည်းလွန်းပြီး တာဝန်ယူမှု၊ တာဝန်ခံမှု မရှိသောကြောင့် လွှတ်တော်အစည်းအဝေးတွင် မေးမြန်းရခြင်း ဖြစ်ကြောင်း ဒေါ်ကြည်ပြာက ဆိုသည်။

The Voice Weekly


Leave a Reply