အစ္စရေးက မိမိတို့ စစ်စခန်းကို ဒုံးကျည်ဖြင့် ပစ်ခတ်သည်ဟု ဆီးရီးယား စွပ်စွဲ

အစ္စရေးဒုံးကျည်များ ထိမှန်မှုကြောင့် ဒမတ်စကက်မြို့တော်အနီးရှိ ဆီးရီးယားစစ်စခန်းတစ်ခုတွင် ကြီးကြီး မားမား ထိခိုက်ပျက်စီးမှုများ ဖြစ်ခဲ့ကြောင်း ဆီးရီးယားအစိုးရ မီဒီယာက စွပ်စွဲလိုက်သည်။

ဆာနားသတင်းဌာနက အဆိုပါ ဒုံးကျည်တိုက်ခိုက်မှုသည် လောင်စာကန်တစ်ခုနှင့် လက်နက်ပစ္စည်း ဂိုဒေါင် တစ်ခုကို ထိမှန်ပေါက်ကွဲကာ မီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။ သို့သော် ဆီးရီးယားရှိ အစိုးရ ဆန့်ကျင်ရေးအင်အားစုများက အမှန်တကယ် ထိခိုက်ခဲ့သည့်နေရာသည် ဟစ်ဇ်ဘိုလာ ပြောက်ကျား များ၏ လက်နက်သိုလှောင်ရုံ တစ်ခုသာဖြစ်ကြောင်း ကြေညာခဲ့သည်။

ဟစ်ဇ်ဘိုလာတို့သည် ဆီးရီးယား ပြည်တွင်းစစ်တွင် ဆီးရီးယား သမ္မတ ဘာရှာအာဆတ်ဘက်မှ ဝင်ရောက် တိုက်ခိုက်လျက် ရှိသည်။ အစ္စရေးသည် ဟစ်ဇ်ဘိုလာများနှင့် ကမ္ဘာ့ရန်ဟု ယူဆနိုင် သည်။ အစ္စရေးက အဆိုပါ ပေါက်ကွဲမှုသည် အီရန်က ဟစ်ဇ်ဘိုလာတို့ထံ လက်နက်များ မှောင်ခို ပေးပို့နေခြင်းကို ဟန့်တားမည့် လုပ်ငန်းစဉ်ကို အကောင်အထည် ဖော်ခြင်းဟု ယူဆကြောင်း ဆိုသည်။ သို့သော် ဆီးရီးယား ပိုင်နက်ထဲ ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့သည် ဆိုခြင်းကို ဝန်ခံခြင်း၊ ငြင်းဆန်ခြင်း မရှိချေ။

ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ဧပြီ ၂၇ ရက် အရုဏ်တက်ချိန်တွင် ဒုံးကျည်တိုက်ခိုက်မှု ဖြစ်ပွားကြောင်း အတည်ပြုခဲ့ပြီး ပြင်းထန်သော ပေါက်ကွဲသံကို ဒမတ်စကက် မြို့တော် တစ်ခုလုံးလိုလိုက ကြားခဲ့ရကြောင်း ကြေညာသည်။ ဆာနားသတင်းဌာနက အစ္စရေးဘက်မှ ပစ်ခတ်သော ဒုံးကျည် အတော်များများသည် ဒမတ်စကက်မြို့တော် လေဆိပ်၏ အနောက်တောင်ဘက်ရှိ စစ်စခန်း တစ်ခု ကို ထိမှန်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

ဒမတ်စကက်အနီးတွင် လှုပ်ရှားနေသည့် သူပုန်တပ်ဖွဲ့မှ အရေးပါသူနှစ်ဦးကမူ ဒုံးကျည်များသည် ဟစ်ဇ် ဘိုလာ ဦးဆောင်သည့် ဒေသခံ စစ်သွေးကြွများ သိုမှီးထားသော လက်နက်တိုက်များကိုသာ ထိမှန်ခဲ့ခြင်းဟု Reuters သတင်းဌာနသို့ အသိပေးခဲ့သည်။

အစ္စရေး အစိုးရဘက်ကမူ ထိုကိစ္စအပေါ် တိတိကျကျ မှတ်ချက်ပေး ဖြေရှင်းရန် ငြင်းဆိုထားကြောင်း သိရ သည်။ ယခုလအတွင်း အမေရိကန်ရေတပ်၏ ဖျက်သင်္ဘောနှစ်စီးသည်လည်း ဆီးရီးယားလေတပ်စခန်း တစ်ခုကို Tomahawk ဒုံးကျည် ၅၉ စင်းဖြင့် ပစ်ခတ်ခဲ့ပြီး ဆီးရီးယားလေတပ်၏ စွမ်းဆောင်ရည် ငါးပုံ တစ်ပုံမျှကို လျှော့ချ ဖျက်ဆီးနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန် ခဲ့သေးသည်။  Ref: Reuters