ဖိလစ်ပိုင် ရဲစခန်းတစ်ခုတွင် လျှို့ဝှက် အချုပ်ခန်းတစ်ခု ရှာတွေ့

ဖိလစ်ပိုင်ရဲစခန်းတစ်ခုတွင် မှတ်တမ်းရေးမှတ်ခြင်းမရှိဘဲ လူအများကို ချုပ်နှောင်ထားသည့် ကျဉ်းမြောင်း မှောင်မည်းသော အချုပ်ခန်းတစ်ခု ရှာတွေ့ခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင်မှ လူ့အခွင့်အရေးကော်မရှင် (CHR) တာဝန်ရှိသူများက သတင်းအရ အဆိုပါရဲစခန်းကို ဝင်ရောက် စီးနင်းရှာဖွေရာ စာအုပ်စင်တစ်ခုနောက်တွင် ဖုံးကွယ်ဆောက်လုပ်ထားသော ယင်းအချုပ်ခန်းကို တွေ့ရှိ ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ဖမ်းဆီးခံထားရသူ ၁၁ ဦးထက်မနည်းကိုလည်း ကယ်ထုတ်နိုင်ခဲ့သည်။

မနီလာမြို့တော်ရှိ ရဲစခန်းတွင် အဖမ်းခံထားရသူများက မိမိတို့သည် အချုပ်ခန်းထဲတွင် သီတင်းတစ်ပတ်မျှ နေထိုင်ခဲ့ရပြီးဖြစ်ကြောင်း၊ ရဲများက မိမိတို့ကို ခြိမ်းခြောက်ငွေညှစ်ခဲ့ကြောင်း ဖွင့်ဟ ပြောကြားခဲ့သည်။ သို့သော် ရဲစခန်းတာဝန်ရှိသူများကမူ ထိုသူများကို ဖမ်းဆီးထားခြင်းသည် သမ္မတ ရိုဒရီဂို ဒူတာတေး၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစီမံကိန်းကို အကောင်အထည်ဖော်နေခြင်းသာဖြစ်ကြောင်း တုံ့ပြန် ဖြေရှင်း ထားသည်။

ဒူတာတေးသည် မူးယစ်ဆေးဝါး ရောင်းဝယ်သူများကို ပြင်းပြင်းထန်ထန် နှိပ်ကွက်အရေးယူရန် ရဲတပ်ဖွဲ့ကို ညွှန်ကြားထားသော်လည်း ဖိလစ်ပိုင် ရဲအရာရှိများအတွင်း အကျင့်ပျက် ခြစားမှုများ ဖြစ်ပေါ်နေခြင်းကြောင့် ရည်ရွယ်ချက်အတိုင်းမဖြစ်ဘဲ လမ်းချော်သွားနိုင်ကြောင်း ထောက်ပြမှုများ ယခင်ကတည်းက ထွက်ပေါ်ခဲ့ ဖူးသည်။

ဖိလစ်ပိုင်တွင် ပြီးခဲ့သည့် နှစ်လယ်က ဒူတာတေး အာဏာရလာပြီးနောက်ပိုင်း မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုများကို ပြင်းပြင်းထန်ထန် နှိမ်နင်းရာ လူပေါင်း ၇၀၀၀ ကျော် သေဆုံးခဲ့သည့်အပြင် သောင်း ဂဏန်းမျှ ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသည်။

CHR ပြောရေးဆိုခွင့်ရ အရာရှိ ဂျက်ကီဒီဂူယာက ရဲဌာနအတွင်း ယခုလို တရားမဝင် အချုပ်ခန်း တည်ဆောက်ထားမှုနှင့် ပတ်သက်၍ စုံစမ်းမှုများ ဆက်လက် ပြုလုပ်သွားမည်ဟု အတည်ပြုခဲ့သလို ဖိလစ်ပိုင်ရဲများက လူ့အခွင့်အရေး ဖောက်ဖျက်မှုများ ကျူးလွန်နေကြောင်း အကောင်းဆုံး သက်သေတစ်ရပ် ဟုလည်း စွပ်စွဲ ပြောကြားသွားသည်။  Ref: BBC