မိုဘိုင်းလ်ဖုန်း ဆင်းမ်ကတ် မှတ်ပုံတင်ခြင်း အချိန်သုံးလ ထပ်တိုး

မိုဘိုင်းလ်ဖုန်း ဆင်းမ်ကတ်များ မှတ်ပုံတင်ရမည့် နောက်ဆုံးရက် မတ်လ ၃၁ ရက်နေ့ ကျော်လွန်သွားပြီ ဖြစ်သော်လည်း ယခုအခါ အချိန်သုံးလ ထပ်မံ၍ တိုးပေးလိုက်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

ထို့ကြောင့် ယခုအထိ မှတ်ပုံမတင်ရသေးသည့် မိုဘိုင်းလ် ဆင်းမ်ကတ်များသည် ၂၀၁၇ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ နောက်ဆုံးထား မှတ်ပုံတင်နိုင်မည်ဖြစ်ပြီး ယင်းကာလပြီးဆုံးပါက မှတ်ပုံတင်ထားခြင်း မရှိသော ဆင်းမ်ကတ်များကို အပြီးတိုင် ရပ်စဲမည်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

သို့သော် လက်ရှိ အချိန်တွင် မတ်လ ၃၁ ရက်နေ့အထိ မှတ်ပုံတင်ထားခြင်း မရှိသော ဆင်းမ်ကတ်များကို အခြား မိုဘိုင်းလ်ဖုန်းများသို့ ခေါ်ဆိုခြင်းများနှင့် စာတို ပေးပို့ခြင်းများကို ယာယီဖြတ်တောက်ထားပြီး အခြား မိုဘိုင်းလ်ဖုန်းများက ခေါ်ဆိုခြင်းကိုသာ ခွင့်ပြုထားကြောင်း၊ ဆင်းမ်ကတ် မှတ်ပုံတင်ခြင်းများ ပြန်လည် လုပ်ဆောင်ပါက ယခင်အတိုင်း ပြန်လည် အသုံးပြုနိုင်မည်ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

“ကာလကို ထပ်တိုးပေးဖို့ ဝန်ကြီးဌာနက ညွှန်ကြားထားတာပါ။ ဒီသုံးလတာ ကာလအတွင်းမှာ မှတ်ပုံမတင် ရင်တော့ အဲဒီကတ်တွေကို အပြီးပိတ်သွားမှာပါ”ဟု ၎င်းက ရှင်းပြသည်။

သို့သော်လည်း ယခုအချိန်အထိ မှတ်ပုံတင်ထားခြင်း မရှိသေးသည့် ဆင်းမ်ကတ်အချို့မှာ ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်းများ ပြုလုပ်နိုင်သေးကြောင်း ဖုန်း အသုံးပြုသူ အချို့ထံမှ သိရသည်။

လတ်တလော ဆင်းမ်ကတ်မှတ်ပုံတင်ရန် ကျန်ရှိသော ဆင်းမ်ကတ် အရေအတွက်မှာ ၁၀ ရာခိုင်နှုန်းခန့်သာ ရှိတော့ကြောင်း ဆက်သွယ်ရေး အော်ပရေတာများထံမှ သိရသည်။

# The Voice