မြန်မာ့ကမ်းရိုးတန်းသို့ မုတ်သုံလေ စတင်ဝင်ရောက်နေ၍ နေရာကွက် မိုးကြီးမှုနှင့် လေပြင်းအန္တရာယ် အထူး သတိပြုရန် ဒေါက်တာထွန်းလွင် သတိပေး

လေဖိအားနည်းရပ်ဝန်း ဆက်လက်တည်ရှိနေကာ မြန်မာ့ ကမ်းရိုးတန်းသို့ မုတ်သုံလေ စတင်ဝင်ရောက်နေ၍ နေရာကွက်မိုးကြီးမှုနှင့် လေပြင်းအန္တရာယ် အထူးသတိထားရန် မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးသည်။

မေလ ၁၃ ရက်တွင် စတင်ဖြစ်ပေါ်သော လေဖိအားနည်းရပ်ဝန်းမှာ မေလ ၁၆ ရက်တွင် ကပ္ပလီပင်လယ်ပြင် အတွင်းရှိနေပြီး မုတ်သုံလေလည်း အားကောင်းနေကာ မြန်မာ့ကမ်းရိုးတန်းဒေသများသို့ စတင်ဝင်ရောက်နေပြီ ဖြစ်ကြောင်း ဒေါက်တာထွန်းလွင်က ပြောသည်။

‘‘ဒီအချိန် အဓိကကတော့ မွန်နဲ့ တနင်္သာရီကမ်းရိုးတန်းတွေမှာ မိုးရော၊ လေရော၊ လှိုင်းရော သတိထားရမယ်။ မုတ်သုံလေက တောင်ပိုင်းဒေသကို စဝင်နေပြီ’’ ဟု ဒေါက်တာထွန်းလွင်က ပြောသည်။ မိုးကြိုးပစ်ခံရ၍ လူသေဆုံးမှုလည်း ဆက်လက်ဖြစ်ပေါ်နေပြီး လေဖိအားနည်းရပ်ဝန်းသည် ဘင်္ဂလားပင်လယ်အော်သို့ ရွေ့လျား လာပါက မြန်မြန်ဆန်ဆန်အား ကောင်းလာနိုင်ပြီး မေလ ၁၆ ရက်အခြေအနေမှာ ကပ္ပလီပင်လယ် အတွင်းရှိ နေ၍ လေဖိအားနည်း ရပ်ဝန်းမှာ အားကောင်းလာခြင်း မရှိသေးကြောင်း ၎င်းက ရှင်းပြသည်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက လေဖိအားနည်းရပ်ဝန်း ဆက်လက်တည်ရှိနေပြီး ကမ်းရိုးတန်း ဒေသများတွင် တစ်နာရီ လေတိုက်နှုန်း ၃၅ မိုင်မှ မိုင် ၄၀ ကြား တိုက်ခတ်နိုင်ကြောင်း သတင်းထုတ်ပြန် ထားသည်။

မေလ ၁၆ ရက်တွင် ပဲခူး၊ စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ချင်း၊ ရှမ်းပြည်နယ်တို့တွင် နေရာ ကွက်၍ မိုးကြီးခဲ့ကာ မြို့ပေါင်း ၁၁ မြို့တွင် ပုံမှန်ထက် မိုးကောင်းခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

# 7 Day Daily