ကြားဖြတ်ရွေးကောက်ပွဲ အတွက် မဲဆန္ဒရှင် သက်သေခံ လက်မှတ်များ လာရောက် ထုတ်ယူရန် နှိုးဆော်

ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် သက်သေခံလက်မှတ်များကို ၁၄ ရက်အတွင်း အပြီးထုတ်ပေး မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သတင်းရရှိသည်။

အဆိုပါ သက်သေခံလက်မှတ်များကို မတ်လ ၁၇ ရက်မှ ၃၀ရက်အထိ နံနက် ၈ နာရီမှ ညနေ ၆ နာရီ အတွင်း သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင် ကိုယ်တိုင် (သို့မဟုတ်) မိသားစုတစ်စုလျှင် အိမ်ထောင်ဦးစီး (သို့မဟုတ်) မိသားစုဝင်တစ်ဦး လာရောက် ထုတ်ယူနိုင်ကြောင်း အဆိုပါကော်မရှင်က ထုတ်ပြန်ကြေညာထားသည်။

‘‘မဲဆန္ဒရှင်တွေ ပိုပြီးသိရှိဖို့အတွက် လိုက်လံနှိုးဆော်အသိပေးဖို့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေကို ညွှန်ကြား ထားပြီးပြီ။ တချို့ရပ်ကွက်တွေတောင် စတင်ကြေညာနေပြီ။ အရင် ၂၀၁၅ ရွေးကောက်ပွဲရော၊ အခု ကြားဖြတ်ရွေးကောက်ပွဲအတွက် သက်သေခံလက်မှတ်တွေကို ကော်မရှင်ကပဲ တာဝန်ခံပြီး ထုတ်ပေးခဲ့ တာပါ’’ ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်းက ပြောသည်။

မဲဆန္ဒရှင်တစ်ဦးသည် သက်သေခံလက်မှတ် လက်ဝယ်ရရှိထားခြင်းဖြင့် မိမိအမည်မဲစာရင်းတွင် ပါဝင်ပြီး ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိကြောင်း သေချာခိုင်လုံစေရန်၊ ဆန္ဒမဲလက်မှတ် လာရောက်ထုတ်ယူရာ တွင် မဲလက်မှတ်ထုတ်ပေးသူအနေဖြင့် လွယ်ကူစွာ ရှာဖွေနိုင်ပြီး အချိန်ကုန် သက်သာစေရန် ယင်း သက်သေခံလက်မှတ်များကို ထုတ်ပေးခြင်းဖြစ်ကြောင်း ကော်မရှင်က ထုတ်ပြန်ထားသည်။

ထို့ပြင် ယင်းသက်သေခံလက်မှတ်တွင် မိမိ၏အချက်အလက်များ မှားယွင်းနေပါက သက်ဆိုင်ရာ မဲဆန္ဒရှင် ကိုယ်တိုင် ပြင်ဆင်နိုင်ရန်နှင့်  သက်ဆိုင်ရာ  ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် မဲဆန္ဒရှင်၏ မှန်ကန် သော အချက်အလက်များကို မဲစာရင်းတွင် ပြန်လည်ပြင်ဆင်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု သိရသည်။

မတ်လ ၁၆ ရက်၌ မဲဆန္ဒရှင်စာရင်း ဒုတိယအကြိမ်ထုတ်ပြန်ကြေညာပြီးမှ ယင်းသက်သေခံ လက်မှတ် များတွင် အချက်အလက်များ ဖြည့်စွက်ရေးသားကာ မဲဆန္ဒရှင်များကို ထုတ်ပေး မည်ဖြစ်ကြောင်း ကမာရွတ် မြို့နယ် အမှတ်(၇)ရပ်ကွက်အုပ်ချုပ်ရေး မှူး ဦးအေးသန်းက ပြောသည်။

ကြားဖြတ်  ရွေးကောက်ပွဲ တွင် ကျောက်တံခါး၊ ညောင်လေး ပင်၊ ထန်တလန်၊ ဖရူဆို၊ ချောင်း ဆုံ၊ အမ်း၊ မုံရွာ၊ ကျိုင်းတုံ၊ ကျေး သီး၊ မိုင်းရှူး၊ ညောင်ရွှေ၊ အလုံ၊ ဒဂုံဆိပ်ကမ်း၊ ဒဂုံအရှေ့၊ လှိုင်၊ လှိုင်သာယာ၊ ကမာရွတ်၊ ကြည့် မြင်တိုင်၊ ကော့မှူး၊ လသာ၊ ဆိပ် ကမ်းနှင့် လမ်းမတော် စသည့် ၂၂ မြို့နယ်၌ လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာရှိသည်။

တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် မဲပေးနိုင်သူ ၂ ဒသမ ၂ သန်းခန့်ရှိပြီး ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန် ၁၅ ရက်သာ လိုတော့သည်။

# 7 Day Daily