ရုရှားက ခရုစ်ဒုံးပျံများချထား၍ နေတိုးအဖွဲ့ကို ခြိမ်းခြောက်မည်ဟု အမေရိကန်က စွပ်စွဲ

အမေရိကန်အထက်တန်းစစ် ဖက်အရာရှိတစ်ဦးက ရုရှား၏မြေပြင်အခြေစိုက် ခရုစ်ဒုံးပျံတပ်ဖြန့်ချထားမှုမှာ လက်နက်ထိန်းချုပ်ရေး စာချုပ်ကို ချိုးဖောက်ကြောင်း ပြောကြားလိုက်သည်။ ဤပြောကြားချက်အား ရုရှားက ငြင်းပယ်လိုက်ကြောင်း ဆင်ဟွာသတင်းက မတ် ၉ ရက် တွင် ဖော်ပြခဲ့သည်။

 

ဤသည်မှာ အမေရိကန်က ပထမဆုံးအကြိမ် လူသိရှင်ကြား တာလတ်ပစ် နျူကလီးယားလက်နက်စာချုပ် (INF) ကို ချိုးဖောက်ကြောင်း စွပ်စွဲမှုဖြစ်သည်။ ဤစာချုပ်အရ တာလတ်ပစ်ဒုံးပျံများကို မြေပြင်၌ တပ်ဖြန့်ချထားခြင်းကို တားမြစ်ထားသည်။

ကာကွယ်ရေးဦးစီးချုပ်များ ကော်မတီဒုတိယဥက္ကဋ္ဌ ပေါလ်ဆီလ်ဗာက ကွန်ကရက်လွှတ်တော်၌ ထွက်ဆိုရာတွင် အမေရိကန်ပြည်ထောင်စုက ရုရှားသည် နေတိုးနှင့် နေတိုးမဟာမိတ်နိုင်ငံများကို ခြိမ်းခြောက်ရန် တာလတ်ပစ်ဒုံးပျံ များကို တပ်ဖြန့်ချထားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်မီဒီယာများက ယခင်လတွင် ရုရှားသည် မြေပြင်အခြေစိုက် နျူကလီးယားဒုံးပျံများကို လျှို့ဝှက်ကာ တပ်ဖြန့် တပ်ဆင်ချထားနေကြောင်း ဖော်ပြခဲ့ကြသည်။ ဤဖော်ပြချက်ကို ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလတ် ဗရော့ဖ်က ငြင်းဆိုခဲ့သည်။ ၎င်းင်းကရုရှားသည် နိုင်ငံတကာ ကတိပြုချက်များကို လိုက်နာကြောင်း ထိုအထဲတွင် INF စာချုပ်လည်း ပါဝင်ကြောင်း ပြောကြားခဲ့သည်။

၁၉၈၇ ခုနှစ်က အမေရိကန်သမ္မတ ရိုနယ်ရီဂင်နှင့် ဆိုဗီယက်ခေါင်းဆောင် မီခဲလ်ဂေါ်ဘာချက်တို့ က တာလတ်ပစ် နျူကလီးယားလက်နက်စာချုပ် INF ကို လက်မှတ်ရေး ထိုးခဲ့ကြသည်။ ဤစာချုပ်အရ တာ လတ်ပစ်ဒုံးပျံများကို မြေပြင်၌ တပ် ဖြန့်ချထားခြင်းမပြုရပေ။

Ref:Xinhua