အမေရိကန်လွှတ်တော်၌ Yahoo Mail အသုံးပြုခွင့် ပိတ်ပင်

capitol-dome

အမေရိကန်လွှတ်တော်၏ သတင်းအချက်အလက်ဆိုင်ရာ လုံခြုံရေးရုံးသည် လတ်တလောဖြစ်ပွားခဲ့သည့် ransomware တိုက်ခိုက်မှုများကြောင့် Yahoo Mail နှင့် Google ၏ appspot.com ဒိုမိန်း အသုံးပြုခွင့် ပိတ်ပင် ခဲ့ကြောင်းသိရသည်။ အမေရိကန်လွှတ်တော် နည်းပညာဝန်ဆောင်မှုကပေးပို့ခဲ့သော အီးမေးလ်တွင် တစ်ကိုယ်ရေသုံး အီးမေးလ်ကို အလုပ်တွင် အချိန်အကန့်အသတ်မရှိဘဲ အသုံးပြု၍ ရတော့မည်မဟုတ်ကြောင်း ဖော်ပြထားသည်။

ယခုအခါ အမေရိကန်လွှတ်တော်တွင် Yahoo Mail အသုံးပြုခွင့်ကို ဧပြီလကုန်က စတင်ပိတ်ပင်ခဲ့ခြင်းဖြစ်ကြောင်း Gizmodo မှ ပေါက်ကြားခဲ့သည့် အီးမေးလ် အချက်အလက်များကို ကိုးကား၍ဖော်ပြခဲ့သည်။ ထို့ကြောင့် Yahoo Mail ကို အမေရိကန်လွှတ်တော် အဆောက်အအုံ Capitol တွင် အသုံးပြုခွင့် ပိတ်ပင်ထားသည်မှာ နှစ်ပတ်ရှိပြီဖြစ်သည်။ Yahoo ၏ မေးလ်ဝန်ဆောင်မှုသည် ဆိုက်ဘာတိုက်ခိုက်သူများအတွက် ပစ်မှတ်ကြီးတစ်ခုဖြစ်ပြီး လွှတ်တော်၏ နည်း ပညာဝန်ဆောင်မှုက Yahoo ၏လမ်းကြောင်းအတွင်း ဝင်ရောက်လာသည့် ransomware များကို ဖယ်ရှားခဲ့ရကြောင်း အီးမေးလ်တွင် ဖော်ပြထားသည်။

“၄၈ နာရီအတွင်း လွှတ်တော်သတင်းအချက်အလက် လုံခြုံရေးရုံးက YahooMail, Gmail အစရှိတဲ့ third party မေးလ်တွေအသုံးပြုပြီး လွှတ်တော်ကွန်ရက်ကို တိုက်ခိုက်မှု တိုးမြှင့်နေတာတွေ့ခဲ့ရပါတယ်။ ဒီတိုက်ခိုက်မှုတွေဟာ သုံးစွဲသူတွေရဲ့ ကွန်ပျူတာပေါ်မှာ ransomware ရောက်ရှိစေဖို့ ရည်ရွယ်တဲ့ လုပ်ဆောင်ချက်တွေ ဖြစ်ပါတယ်။ သုံးစွဲသူက လှည့်စားထားတဲ့ အီးမေးလ်လင့်ခ်ကို နှိပ်လိုက်ရင် malware တွေက ကွန်ပျူတာက ဖိုင်တွေအားလုံးကို encrypt ဖြစ်သွားမှာပါ။ ပိုက်ဆံမပေးမချင်း ဖိုင်တွေကို အသုံးပြုလို့ရမှာ မဟုတ်ပါဘူး။ လတ်တလော တိုက်ခိုက်မှု တွေဟာ အီးမေးလ်မှာ zip ဖိုင်အဖြစ်နဲ့ .js ဖိုင်တွေ အသုံးပြုပြီး ပေးပို့နေတာပါ။ အဓိက ဦးတည်ချက်က YahooMail ကတစ်ဆင့် ပေးပို့လာနေတာပါ” ဟု လွှတ်တော်နည်းပညာဝန်ဆောင်မှုက သက်ဆိုင်ရာသို့ ပေးပို့သည့် အီးမေးလ်တွင် ဖော်ပြထားသည်။

ထို့အပြင် လွှတ်တော်သတင်းအချက်အလက် လုံခြုံရေးရုံးသည် Yahoo Mail ကို ပိတ်ပင်ပြီး ရက်အနည်းငယ် အကြာ တွင် appspot.comကို ပိတ်ခဲ့ကြောင်း Reuters မှ ဖော်ပြခဲ့သည်။ အဆိုပါ appspot.com သည် Google က ၎င်း၏ App Engine platform မှတစ်ဆင့် တည်ဆောက်ထားသည့် တစ်ဦးချင်းစိတ်ကြိုက် app များကို တင်ပေးသော နေရာ ဖြစ်သည်ဟု သိရသည်။

Internet Journal


Leave a Reply