ဘဏ်တိုးအပေါ် ၀င်ငွေခွန်ကောက်ခံမည့်ကိစ္စ လက်ရှိအစိုးရ သက်တမ်းအတွင်း ဆောင်ရွက်မည်မဟုတ်

ဘဏ်တိုးရငွေအပေါ်တွင် ၀င်ငွေခွန်ကောက်ခံမည်ဆိုသည့်ကိစ္စကို လက်ရှိအစိုးရသက်တမ်းအတွင်း အကောင် အထည် ဖော်ဆောင်ရွက်သွားမည်မဟုတ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးကပြောသည်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး လုပ်မှာလားဆိုပြီး နိုင်ငံတော်က တာဝန်ရှိပုဂ္ဂိုလ်တွေကို မေးမြန်းကြည့်တာမှာ လက်ရှိ အစိုးရသက်တမ်းအတွင်းမှာ ဆောင်ရွက်သွားမှာ မဟုတ်ပါဘူး။ အစိုးရအနေနဲ့လည်း ဒီကိစ္စက ပြည်သူတွေရဲ့ အကျိုးစီးပွားကို ထိခိုက်နိုင်တယ်။ တိုင်းပြည်ရဲ့ စီးပွားရေး တည်ငြိမ်မှုကို ထိခိုက်နိုင်တဲ့အတွက် မလုပ်ဆောင် တာဖြစ်ပါတယ်” ဟု ဦးအောင်နိုင်ဦး က ပြောသည်။

ယင်းနှင့်ပတ်သက်ပြီး ဦးအောင်နိုင်ဦးက ဖေဖော်ဝါရီ ၁၉ ရက်က သူ၏ လူမှုကွန်ရက်စာမျက်နှာ၌ ” ဒီရက်ပိုင်း ပြည်တွင်း မီဒီယာအချို့နဲ့ Facebook မှာ ဘဏ်တိုးရငွေအပေါ်မှာ ၀င်ငွေခွန်ကောက် မယ်ဆိုတဲ့ သတင်း ကျယ်ကျယ် လောင်လောင်တွေ့ရ၊ ဖတ်ရပါတယ်။ အချို့ကလည်း ဥပဒေမှာပြဋ္ဌာန်းထားတယ်လို့လည်း ကိုးကား ပြောကြပါတယ်။ ပြောချင်တာကတော့ ဥပဒေမှာပြဋ္ဌာန်းထား သည့်တိုင် အစိုးရအနေနဲ့ လက်ရှိသက်တမ်း အတွင်းမှာ ကျင့်သုံး အကောင်အထည်ဖော်သွားမှာ မဟုတ်ပါကြောင်း စီမံဘဏ္ဍာဝန်ကြီးဌာနကိုယ်စား ရှင်းလင်း ပြောကြားလိုပါတယ်” ဟု ရေးသား ခဲ့သည်။

မြန်မာနိုင်ငံ၏ ၀င်ငွေခွန်ဥပဒေတွင် ၀င်ငွေရှိသူတိုင်းအခွန်ပေး ဆောင်ရမည်ဆိုသည်မှာ ပါရှိသဖြင့် ဘဏ်တိုးရငွေ အပေါ် ၀င်ငွေခွန်ကောက်ခံနိုင်ရန် ပါဝင်ကြောင်းနှင့် ယင်းအစီအစဉ်ကို လတ်တလောတွင် လုပ်ဆောင်ရန် မရ သေးကြောင်း ပြည်တွင်း အခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ဒီမိုကရေစီတူဒေးသို့ ပြောကြားသည်။

ဦးမင်းထွဋ်က ” ၀င်ငွေခွန်ဥပဒေမှာ အရင်ကတည်းက ပါထားပြီးသားပါ။ ဒါပေမဲ့ လတ်တလောမှာ အဲဒီအစီအစဉ် လုပ်ဆောင်ဖို့မရှိသေးပါဘူး ” ဟု ပြောကြားသည်။

Democrcaytoday