ချင်းပြည်နယ်တွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခွင့်ပြုရန် ချင်းပါတီတောင်းဆို

တစ်နိုင်ငံလုံးအပစ်ရပ် သဘောတူညီချက် (NCA) အရ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို ချင်းပြည်နယ်တွင် ပြုလုပ်ခွင့်ပေးရန် ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီက တောင်း ဆိုလိုက်သည်။

ဖေဖော်ဝါရီ ၈ ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီသည် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယအစည်း အဝေးမတိုင်မီ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (ချင်း) ကျင်းပနိုင်ရေး ချင်းအမျိုးသားတပ်ဦး၊ ချင်းနိုင်ငံရေးပါတီများ၊ ချင်းအရပ်ဘက်လူ့အဖွဲ့အစည်းများနှင့်အတူ ၂၀၁၆ နိုဝင်ဘာကစတင်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။

ကြိုတင်ပြင်ဆင်မှုများ အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦးမှတစ်ဆင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ၏ အဋ္ဌမအကြိမ် အစည်းအဝေးသို့ အဆင့်ဆင့်တင်ပြခဲ့ရာ UPDJC ဒုတိယဥက္ကဋ္ဌ သုံးဦးအဖွဲ့၏ သဘောတူညီမှုရရှိထားပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

သို့သော် ၂၀၁၇ ဖေဖော်ဝါရီ ၆ ရက်တွင်ပြုလုပ်သော UPDJC အစည်းအဝေး၌ လူမျိုးအလိုက် အမျိုးသား အဆင့်နိုင်ငံရေးဆွေးနွေးပွဲ (ချင်း)ကျင်းပနိုင်ရန် အစိုးရဘက်က ဆက်လက်ကြိုးပမ်းမည်ဟု ဆုံးဖြတ်ခဲ့သည်။

ထိုသို့ဆုံးဖြတ်ခြင်းသည် ချင်းအမျိုးသားတပ်ဦး၊ ချင်းနိုင်ငံရေးပါတီများနှင့် ချင်းအရပ်ဘက် လူ့အဖွဲ့ အစည်းများ အဆင်သင့်မဖြစ်ခြင်းကြောင့်မဟုတ်ဘဲ ပြည်ထောင်စုအစိုးရဘက်က လိုလားမှုမရှိ၍ ခွင့်မပြုခြင်းသာ ဖြစ်သည်ဟု နားလည်သုံးသပ်ကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (ချင်း) ကျင်းပခွင့်ကို NCA စာချုပ်ပါအတိုင်း ပြည်ထောင်စုအစိုးရက အမြန်ဆုံးခွင့်ပြုပေးရန် အလေးအနက် တောင်းဆိုကြောင်းလည်း ပါရှိသည်။

ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီအနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ဖက်ဒရယ်နိုင်ငံတည်ဆောက်ရေး ချင်းအမျိုးသားတပ်ဦး၊ ချင်းနိုင်ငံရေးပါတီများ၊ ချင်းအရပ်ဘက် လူ့အဖွဲ့ အစည်းများနှင့်အတူ မဆုတ်မနစ် ကြိုးပမ်းမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးကို ဖေဖော်ဝါရီ ၆ ရက်က နေပြည်တော်၌ ကျင်းပရာ ၂၁ ရာစု ပင်လုံဒုတိယအစည်းအဝေးမတိုင်မီ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ များကို ရှမ်းပြည်နယ်တွင် နှစ်ကြိမ်၊ ပဲခူးတိုင်းဒေသကြီးတွင် တစ်ကြိမ် ဆက်လက်ကျင်းပရန် ဆုံးဖြတ်ခဲ့သော်လည်း ချင်းနှင့် ရခိုင်ပြည်နယ်တို့၌ အဆင်သင့်မဖြစ်ဟုဆိုကာ ခွင့်မပြုခဲ့ခြင်းဖြစ်သည်။

ချင်းနှင့် ရခိုင်တွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်မရသေးသည့်အပေါ် အစိုးရ ကိုယ်စား လှယ်ဦးဇော်ဌေး က ယင်းဒေသများ၌ အနှေးနှင့်အမြန် ဆက်လက်ကျင်းပနိုင်ရန် တင်ပြဆောင်ရွက်နေကြောင်း ဖေဖော်ဝါရီ ၆ ရက်က ပြောကြားထားသည်။

လက်ရှိတွင် NCA ရေးထိုးထားသည့် အဖွဲ့ရှစ်ဖွဲ့အနက် ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ သုံးဖွဲ့သည် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပပြီးဖြစ်သည်။

# 7 Day Daily