၂၁ ရာစု ဒု-ပင်လုံညီလာခံ အစည်းအဝေးသို့ ရခိုင်အမျိုးသားပါတီနှင့် ALP တို့တက်ရန် မသေချာ

မေလ ၂၄ ရက်၌ကျင်းပရန် စီစဉ်ထားသော ၂၁ ရာစု ဒုတိယအကြိမ် ပင်လုံညီလာခံ အစည်းအဝေးသို့ ရခိုင် အမျိုးသားပါတီနှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တို့ တက်ရောက်ရန် မသေချာသေးကြောင်း အဆိုပါ အဖွဲ့များထံမှ သိရသည်။

ရခိုင်ပြည်နယ်၌ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်မပြုခြင်းကြောင့် ၂၁ ရာစု ဒုတိယအကြိမ် ပင်လုံညီလာခံသို့ တက်ရောက်သင့်၊ မသင့်ကို ရခိုင်နိုင်ငံရေးပါတီများသည် မေလ ဒုတိယပတ်အတွင်း ဆုံးဖြတ် သွားမည်ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ဆိုသည်။

“ရခိုင်ပြည်နယ်မှာ အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲတွေကို ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီက ခွင့်မပြုပေးဘူး။ အဲဒီအတွက် ကျွန်တော်တို့က ပင်လုံမှာတင်ပြခွင့် မရှိဘူး။ ၂၁ ဒုတိယအကြိမ် ဒု-ပင်လုံကို တက်ရောက်သင့်၊ မသင့်ကို ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေးပြုလုပ်ပြီး ဆုံးဖြတ်သွား မှာပါ” ဟု ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောသည်။

၂၁ ရာစု ဒုတိယအကြိမ် အစည်းအဝေးသို့ ရခိုင်အမျိုးသားပါတီမှ တက်ရောက်ရန် သင့်၊ မသင့်ကို ပါတီဗဟို အလုပ်အမှုဆောင်အစည်းအဝေးကို မေလ ၈ ရက်မှ ၁၀ ရက်အထိ စစ်တွေမြို့ရှိ ရခိုင်အမျိုးသားပါတီ ဌာနချုပ်၌ ကျင်းပ၍ ဆုံးဖြတ်သွားမည်ဖြစ်သည်။

အလားတူ NCA လက်မှတ်ရေးထိုးထားပြီးဖြစ်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အနေနှင့် ပင်လုံ ညီလာခံတက်ရောက်ရန် သင့်၊ မသင့်ကို မတ်လ ၆ ရက်နေ့၌ ပါတီဗဟိုအလုပ် အမှုဆောင် အစည်းအဝေးလုပ်၍ ဆုံးဖြတ်သွားမည်ဖြစ်ပြီး အဆိုပါဆုံးဖြတ်ချက်အရ ဒုတိယပင်လုံညီလာခံနှင့်ပတ်သက်၍ ရပ်တည်ချက် ကို ထုတ်ပြန်မည်ဖြစ်ကြောင်း ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ပြောရေးဆိုခွင့်ရှိသူ စောမြရာဇာလင်းက အတည်ပြု ပြောဆိုသည်။

ရခိုင်ပြည်နယ်တွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပခွင့်မပြုရခြင်းမှာ ရခိုင်ပြည်နယ် ထိလွယ် ရှလွယ် အခြေအနေများကြောင့် ကျင်းပခွင့် မပေးရခြင်းဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) က အကြောင်းပြန်ထားသည်။

ပထမအကြိမ် ၂၁ရာစု ပင်လုံညီလာခံ ကျင်းပပြီးနောက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို ကရင်ပြည်နယ်၊ ရှမ်းပြည်နယ် (ပအိုဝ်းနှင့် ဒေသအဆင့် ရှမ်း)၊ ချင်းပြည်နယ်၊ တနင်္သာရီ တိုင်းဒေသကြီးတို့တွင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို ကျင်းပခွင့်ပြုပေးခဲ့သည်။

ထိုကဲ့သို့ ရခိုင်ပြည်နယ်၌ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပနိုင်ရန် မေလ (၁၂) ရက်၌ ကျင်းပ မည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေး၌ တင်ပြဆွေးနွေးရန် ရှိကြောင်း UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဦးသုဝေက ဆိုသည်။

# The Voice