ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့ ချောင်းဆုံရှိ ဒေသခံမိဘပြည်သူများ ပါတီဝင်များ နှင့် တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းနှင့် ဗဟိုအလုပ် အမှုဆောင်ကော်မတီအဖွဲ့ မွန်ပြည်နယ် ချောင်းဆုံမြို့နယ် အတွင်းရှိဒေသခံမိဘပြည်သူများ၊ ပါတီဝင်များနှင့်တွေ့ဆုံသည့် အခမ်းအနားကို ဖေဖော်ဝါရီ (၉) ရက် နံနက် ၉ နာရီက ချောင်းဆုံမြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ထိုတွေ့ဆုံပွဲတွင် ချောင်းဆုံမြို့နယ်မှ ရပ်/ကျေးစည်းရုံးရေးမှူးများက စည်းရုံးရေးဆောင်ရွက် ထားရှိမှု အခြေအနေများနှင့်စပ်လျဉ်း၍လည်းကောင်း၊ မြို့နယ်ပါတီဥက္ကဋ္ဌက ကြားဖြတ် ရွေးကောက်ပွဲအောင်နိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေ အနေများ၊ မွန်ပြည်နယ်ပါတီ ဥက္ကဋ္ဌ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်ကြည်သိန်းက စည်းရုံးရေးကွင်းဆင်း ဆောင်ရွက် မှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့သည်။

ယင်းနောက်ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ပါတီအောင် နိုင်ရေးနှင့်စပ်လျဉ်းသည့် အခြေအနေများ၊ လက်ရှိပြည်သူလူထုအကြား ကြုံတွေ့ခံစားနေကြရ သည့် လူမှုစီးပွားဘဝ အကျပ်အတည်း ကျရောက်နေသည့် အခြေအနေများ၊ ပြည်သူ့ဘဝ လုံခြုံရေး ထိပါးလာမှု အခြေအနေများ၊ အမျိုးသားရေးနှင့် ပတ်သက်သည့် ကိစ္စ ရပ်များနှင့် စပ်လျဉ်း၍ အကျယ်တဝင့် လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ဥက္ကဋ္ဌဦးသန်းဌေး ဦးဆောင်သော ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များသည် ချောင်းဆုံမြို့နယ် တကူတာ ကျေးရွာရှိဒေသခံ မိဘပြည်သူများနှင့် နံနက် ၁၁ နာရီခန့်တွင် ဆက်လက်တွေ့ဆုံခဲ့ရာ ပါတီဝင်များအနေဖြင့် မျက်မှောက်ကာလတွင် ဖြစ်ပေါ်နေသည့် အခြေ အနေများ၊ မိမိတို့နိုင်ငံအတွင်းရှိ တိုင်းရင်းသား ၁၃၅ မျိုးမှလွဲ၍ အခြားမှ နောက်ထပ် ဝင်ရောက်လာသူများကို လက်မခံနိုင်ကြောင်း၊ အလားတူ အခြားလူမျိုးများက တိုင်းရင်းသား ဖြစ်ခွင့်တောင်း ဆိုလာခြင်းကိစ္စကိုလည်း လက်မခံသင့်ကြောင်း၊ လက်ရှိ မိမိတို့တိုင်းရင်းသား ညီအစ်ကို မောင်နှမများ စုပေါင်းနေထိုင် ကြသော ပြည်ထောင်စုအတွင်းမှ ပဲ့ထွက်သွားမည့် ကိစ္စရပ်များကိုလည်း ကာကွယ်သွားမည်ဖြစ်ကြောင်း၊ မိမိတို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ဗမာလူမျိုးတစ်ခုတည်းကို ကိုယ်စားပြုထားသည်မဟုတ်ဘဲ ဒေသခံ တိုင်းရင်းသားညီအစ်ကို မောင်နှမများနှင့်စုဖွဲ့ထားသည့် ပါတီဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုတိုင်းရင်းသား အားလုံးကို ကိုယ်စားပြု အမှီပြုထားသော ပါတီဖြစ်ကြောင်း၊ မိမိနိုင်ငံအရေးကိစ္စကို အခြားပြင်ပနိုင်ငံသားများက ဝင်ရောက်စွက်ဖက် စီမံခန့်ခွဲလာခြင်းတို့ကို လက်သင့်မခံသင့်ကြောင်း၊ မိမိနိုင်ငံ၏ အမျိုးသားလုံခြုံရေးနှင့် အမျိုးသား အကျိုးစီးပွားကို တိုင်းရင်းသားများအားလုံး မိမိတို့ပါတီနှင့်အတူလက်တွဲကာ ကွယ်စောင့်ရှောက်သွားကြမည် ဖြစ်ကြောင်း စသည်ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။

ယင်းဒေသခံမိဘပြည်သူများနှင့် တွေ့ဆုံပွဲများသို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ အထွေထွေ အတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝဏ္ဏမောင်လွင်နှင့် ဦးလှသိန်း၊ အရန်ဗဟို ကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့် တို့ တက်ရောက်ကြပြီး မွန်ပြည်နယ်ပါတီဥက္ကဋ္ဌ ရွေးကောက်ခံကိုယ်စားလှယ်လောင်း ဦးအောင်ကြည်သိန်းနှင့် ချောင်းဆုံမြို့နယ်ပါတီဥက္ကဋ္ဌ၊ မြို့နယ်ကော်မတီဝင်များ တက်ရောက်ခဲ့ကြကာ ဒေသခံမိဘ ပြည်သူများ စုစုပေါင်းအင်အား ၃ဝဝ ကျော် တစ်ခဲနက် တက်ရောက် အားပေးခဲ့ကြသည်။

သာလှ(ပျဉ်းမနား)