ပြည်ပ အလုပ်အကိုင်သွားမည့်သူများ အလုပ်သမား ပတ်စ်ပို့စ်ဖြင့်သာ ထွက်ခွင့်ပြုတော့မည်

ပြည်ပနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်မည့်သူများသည် ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်၍ အလုပ်သမားပတ်စ်ပို့စ်သာ ထွက်ခွင့်ပြုတော့မည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိမ်းဆွေက ပြောကြားသည်။

“အလည်ဗီဇာက အလုပ်အကိုင်အတွက် မဟုတ်တဲ့အတွက် ဟိုကလည်း ဖမ်းတာဆီးတာ ပြန်ပို့တာတွေ လုပ်နေ တယ်၊ ပြီးတော့ ရက်ကျော်သွားရင်လည်း ဥပဒေအရ အရေးယူပြီးတော့မှ ဖမ်းဆီးခံရတာတွေရှိတယ်၊ ဒါကြောင့် ဒါကို သတ်သတ်မှတ်မှတ်ဖြစ်အောင် ပြောင်းဖို့စီစဉ်တာပါ” ဟု ၎င်းကဆိုသည်။

နိုဝင်ဘာ ၂၂ ရက်နေ့က ပြုလုပ်သော ပြည်သူ့လွှတ်တော်သို့ လာရောက်သည့် ဝန်ကြီးက မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

“တချို့ ကုမ္ပဏီတွေက အလည်အပတ်ဗီဇာနဲ့ လွှတ်လိုက်တယ်၊ ဟိုမှာက တစ်လ လေးဆယ်ငါးရက် လည်ပတ်ခွင့် သူ့နိုင်ငံက ခွင့်ပြုသလောက်နေရတယ်၊ ပြီးရင် အလုပ်ရှာပြီးတော့ ပြန်မလာတာတွေရှိတယ်၊ ဥပဒေအရ အရေးယူ ခံရတာတွေ ရှိတယ်” ဟု ၎င်းက ထပ်လောင်း ပြောကြားသည်။

ပြည်ပရောက် အလုပ်သမားများအနေဖြင့်လည်း ပြည်တွင်းသို့ပြန်ရောက်လာပြီး ပြန်ထွက်လိုပါက ယင်း အလုပ် သမားပတ်စ်ပို့ဖြင့် ပြန်လည်ထွက်ခွာရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

အလုပ်သမား ပတ်စ်ပို့အတွက် အလုပ်ရှင်မှ ပေးပို့လိုက်သည့် လုပ်ခလစာ၊ အလုပ်ခံစားခွင့်နှင့် အလုပ်သမား၏ ပညာအရည်အချင်း ထောက်ခံချက်များ တင်ပြရမည်ဖြစ်ကြောင်း ဝန်ကြီးက ရှင်းပြခဲ့သည်။

# The Voice


Leave a Reply