မန္တလေး-မူဆယ် ကုန်စည်စီးဆင်းမှု ပြတ်တောက်၊ မူဆယ်နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ရပ်ဆိုင်း

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်နှင့် ကွတ်ခိုင်မြို့နယ်များအတွင်း နိုဝင်ဘာ ၂၀ ရက် နံနက်က စတင်ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် မန္တလေး-မူဆယ် ကုန်စည်စီးဆင်းမှုများ ပြတ်တောက်သွားပြီး မူဆယ်နယ်စပ် ကုန်သွယ်ရေး လုပ်ငန်းများ ရပ်ဆိုင်းသွားကြောင်း သတင်းရရှိသည်။

တိုက်ပွဲများဖြစ်ပွားနေသည့် မူဆယ်နှင့် ကွတ်ခိုင်မြို့ကြားတွင် နိုဝင်ဘာ ၂၀ ရက် နံနက်မှစတင်ကာ မည်သည့်ယာဉ်မျှ ဖြတ်သန်းသွားလာမှုမရှိတော့ဘဲ ကုန်သွယ်ရေးလုပ်ငန်းများ အလုံးစုံ ရပ်ဆိုင်းခြင်းဖြစ်သည်ဟု မူဆယ်ဒေသခံများနှင့် ကုန်သည်များက ပြောသည်။

သိန်းနီတံတား ဖောက်ခွဲခံခဲ့ရပြီး လားရှိုး-ကွတ်ခိုင်ကြားတွင် မော်တော်ယာဉ်အချို့ သွားလာမှု ရှိနေသေးသော လည်း ကွတ်ခိုင်နှင့် မူဆယ်ကြားတွင် မော်တော်ယာဉ်သွားလာမှု မရှိသလောက် ပြတ်တောက်သွားကြောင်း မန္တလေး-မူဆယ် လမ်းပိုင်းအား အဓိကတာဝန်ယူလုပ်ကိုင်နေသည့် Oriental Highway ကုမ္ပဏီ တာဝန်ရှိသူ တစ်ဦးကပြောသည်။ ဖောက်ခွဲခံရမှုကြောင့် သိန်းနီတံတား ထိခိုက်ပျက်စီးခဲ့ပြီး တံတားရက်မ ငါးခုတွင် နှစ်ခုကျိုးခဲ့ကာ လတ်တလော အခြေ အနေတွင် တန် ၃၀ အောက်ယာဉ်များကို တံတားခံနိုင်ဝန်နှင့် စမ်းသပ်သွားလာခွင့်ပေးနေသည်ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေသောကြောင့် လားရှိုးမြို့အထွက်မှစပြီး ကားသွားလာခွင့်ကို ယာယီ ပိတ်ထားကြောင်း ရှမ်းပြည်နယ် စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်ကပြောသည်။

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် ဖြစ်ပွားသော တိုက်ပွဲများအတွင်း ဖရဲ၊ သခွားများ တင်ဆောင်ထားသည့် ကားအစီးရေ ၃၀၀ ခန့်နှင့် ကုန်တင်ယာဉ်အများအပြား ပိတ်မိနေပြီး တိုက်ပွဲများကြောင့် နယ်စပ်ကုန်သွယ်ရေး အပေါ် များစွာထိခိုက်နိုင်ကြောင်း မန္တလေးမြို့ခံ ကုန်သည်များကပြောသည်။ လတ်တလောတွင် မန္တလေး -မူဆယ် ကုန်တင် ယာဉ်များ သွားလာနိုင်ခြင်းမရှိတော့ဘဲ လုံးဝရပ်ဆိုင်းထားရသည် ဟု ကုန်သည်လုပ်ငန်းရှင်များကပြောသည်။

နယ်စပ်ကုန်သွယ်ရေးပြတ် တောက်သွား၍ လမ်းတစ်ဝက်ရောက်ရှိနေသည့် ဖရဲ၊ သခွားများအပြင် ခူးဆွတ်ထားသည့် ဖရဲ၊ သခွားများပါ ထိခိုက်ပျက်စီးနိုင်ပြီး ကုန်သည်များသာမက ဖရဲ၊ သခွားစိုက်တောင်သူများကိုပါ ထိခိုက်စေနိုင် သည်ဟု မန္တလေးတိုင်းဒေသကြီး ဥယျာဉ်ခြံမြေထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်သူများအသင်းမှ ဒေါ်သန်းသန်းဆွေ က ပြောသည်။

ဆန်စပါးအသစ်ပေါ်ဦးစဖြစ်ပြီး တရုတ်နယ်စပ်သို့ ဆန်တင်ပို့မှုများပြားချိန် လမ်းကြောပိတ်ဆို့ သွားသည့်အတွက် ကုန်သွယ်ရေးကိုသာမက ပြည်တွင်းဆန်စပါး ဈေးနှုန်းကိုပါ ထိခိုက်နိုင်လာသည်ဟု မန္တလေးမြို့ခံ ဆန်ကုန်သည် ဦးမိုက် က ဆိုသည်။

မူဆယ်နယ်စပ်ကုန်သွယ် ရေးစခန်းသည် မြန်မာနိုင်ငံ၏ အကြီးဆုံး နယ်စပ်ကုန်သွယ်ရေးစခန်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်က မူဆယ်နယ်စပ်ကုန် သွယ်ရေးစခန်းမှတစ်ဆင့် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား အမေရိကန်ဒေါ်လာ သန်း ၅,၃၀၀ ကျော်ဖိုး ကုန်သွယ်နိုင်ခဲ့သည်။

ယခုနှစ်တွင်လည်း ဧပြီလဆန်းမှ စက်တင်ဘာအထိ မူဆယ် နယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် အမေရိကန်ဒေါ်လာ သန်း ၂,၅၀၀ ကျော်ဖိုး ကုန်သွယ်နိုင်ခဲ့ ကြောင်း စီးပွားကူးသန်းဝန်ကြီးဌာနမှ သိရသည်။ မန္တလေး-မူဆယ် နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းသည် မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးတွင် အဓိက အရေးအကြီးဆုံး လမ်းပိုင်းဖြစ်ပြီး ပုံမှန်အချိန်၌  နေ့စဉ် မော်တော်ယာဉ်အစီးရေ ထောင်ချီဖြတ်သန်းသွားလာနေသည်။

မူဆယ် ၁၀၅ မိုင် ကုန်သွယ် ရေးဇုန် တိုက်ခိုက်ခံရပြီးနောက် နိုဝင်ဘာ ၂၀ ရက် နေ့လယ်က စတင်ကာ ဒေသခံ များမှာ မူဆယ်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများကပြောသည်။ # 7 Day Daily


Leave a Reply