စတုတ္ထမြောက်ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်းများ ဇွန်လခန့်မှသာ စတင်နိုင်မည်ဟုဆို

13081804_1136480829709399_320826700_n

စတုတ္ထမြောက် ဆက်သွယ်ရေး အော်ပရေတာအဖြစ် လုပ်ငန်းစတင်ရန် လက်ရှိအချိန်အထိ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များ မတင်ပြနိုင်သေး၍ ဇွန်လလယ်ခန့်မှ သာလိုင်စင်လျှောက်ထားခြင်း လုပ်ငန်းများ စတင်နိုင် မည်ဟု ခန့်မှန်းထားကြောင်း တင်ဒါစိစစ်ရွေးချယ်ရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူးဦးချစ်ဝေက ပြောသည်။ ‘‘ပြည်တွင်းကုမ္ပဏီတွေနဲ့ ပြည်ပဆက်သွယ်ရေးကုမ္ပဏီတွေကြားမှာ ရင်းနှီးမြှုပ်နှံမှု Plan တွေ ဘယ်လိုချမှတ်မယ်ဆိုတာ ဆွေးနွေးမှုတွေ ပြုလုပ်နေတုန်းအဆင့်ပဲ ရှိနေပါသေးတယ်။ အဲဒါပြီးမှ အကျိုးတူ စီးပွားဖက်စာချုပ် (JV) မှာ လက်မှတ်ရေးထိုးပြီးရင် လိုင်စင်လျှောက်ထားရေး လုပ်ငန်းတွေကို စတင်ရမှာ ဖြစ်ပါတယ်။ ဇွန်လလယ်လောက်မှာစပြီး လျှောက်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်’’ ဟု ဦးချစ်ဝေ က ပြောသည်။ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန (ယခုပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန) က ဗီယက်နမ်စစ်တပ်ပိုင် ဆက်သွယ်ရေးကုမ္ပဏီ Viettel ကို စတုတ္ထမြောက် ဆက်သွယ်ရေး အော်ပရေတာတွင် ပြည်တွင်းအများပိုင်ကုမ္ပဏီများနှင့် ဖက်စပ်လုပ်ကိုင်ရန် ပြီးခဲ့သည့် မတ်လ ၂၅ရက်က ရွေးချယ်ခဲ့သည်။

 လက်ရှိအထိ ရင်းနှီးမြှုပ်နှံမှု PLan များကို အပြန်အလှန် ဆွေးနွေးနေဆဲ အဆင့်သာ ရှိနေသေးကြောင်း ၎င်းကပြောကြားသည်။ မြန်မာနိုင်ငံ၏ စတုတ္ထမြောက် ဆက်သွယ်ရေး အော်ပရေတာကို ပြည်တွင်းအများပိုင် ကုမ္ပဏီ ၁၁ ခုဖြင့် ဖွဲ့စည်းထားသည့် လုပ်ငန်းစုမှ အစုရှယ်ယာ ၅၁ ရာခိုင်နှုန်း ၊ Viettel ကုမ္ပဏီ က ၄၉ ရာခိုင်နှုန်း အသီးသီးပိုင်ဆိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း ကနဦးသတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး လက်ရှိအထိ ရင်းနှီးမြှုပ်နှံမှုပမာဏ အတိအကျ မသိရသေး ကြောင်း ဦးချစ်ဝေက ပြောသည်။ ဧပြီ ၁၉ ရက်က အာရှဒေသတွင်း ဆက်သွယ်ရေးတယ်လီကွန်းကုမ္ပဏီများ၏ သတင်းများကို ဖော်ပြပေးနေသော telecom asia.net ၀က်ဘ်ဆိုက်တွင် Viettel ကုမ္ပဏီပါဝင်သည့် စတုတ္ထအော်ပရေတာအနေဖြင့် မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေးကွန်ရက်စတင်ချိန်၌ 3G စနစ်ဖြင့်သာ မိတ်ဆက်မည်ဖြစ်ပြီး သုံးနှစ်အတွင်း နိုင်ငံ့လူဦးရေ၏ ၉၅ ရာခိုင်နှုန်းကို ဖြန့်ကြက်နိုင်ရန် ရည်မှန်းထား ကြောင်း ဖော်ပြထားသည်။


Leave a Reply