မူဆယ်ကို တိုင်းရင်းသားအဖွဲ့ သုံးဖွဲ့ဝင်တိုက်ကြောင်း အစိုးရဘက်က အတည်ပြု

ရှမ်းပြည်မြောက်ပိုင်း မြန်မာတရုတ် နယ်စပ်အနီးရှိ မူဆယ်မြို့ ကုန်သွယ်ရေးဇုန်ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ သုံးဖွဲက နိုဝင်ဘာ (၂၀) ရက် နံနက်ပိုင်းက ဝင်ရောက်တိုက်ခဲ့ရာမှာ လူတစ်ဦး သေဆုံးပြီး ခြောက်ဦး ထက်မနည်း ဒဏ်ရာရရှိသွားကြောင်း အစိုးရဘက်က အတည်ပြု သတင်းထုတ်ပြန်လိုက်သည်။

KIA (ကချင်) အဖွဲ့၊ TNLA (တအာင်းပလောင်) အဖွဲ့နှင့် MNDAA ပူးပေါင်း အဖွဲ့များက နိုဝင်ဘာ (၂၀) ရက် နံနက် ၂ နာရီခန့်က စတင်ပြီး မူဆယ်မြို့နှင့် ကွတ်ခိုင်မြို့နယ်အတွင်းရှိ တပ်စခန်း၊ ရဲတပ်ဖွဲ့စခန်းများနှင့် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းတို့ကို တစ်ချိန်တည်း တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အင်အား ရာချီသည့် အဖွဲ့များ ပါဝင်ကြောင်း အစိုးရဘက်က ပြောကြားသည်။

နိုဝင်ဘာ (၂၀) ရက် ညနေပိုင်းအထိ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း မူဆယ်မြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်များ အပါအဝင် နယ်မြေအချို့သို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် KIA (ကချင်အဖွဲ့)၊ TNLA (တအာင်းပလောင်အဖွဲ့)၊ MNDAA ပူးပေါင်းအဖွဲ့များနှင့် တပ်မတော်တို့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက်ရှိသည်။

အနီးအနားမှ ကျေးရွာသားများကို ၁၀၅ မိုင် ကုန်သွယ်မှုဇုန်ရှိ သစ်သီးပွဲရုံသို့ ခေါ်ဆောင်စောင့်ရှောက်ထား ကြောင်း၊ လက်ရှိအခြေအနေတွင် ကုန်သွယ်ရေးလုပ်ငန်းများ ရပ်ဆိုင်းသွားပြီး မူဆယ်-လားရှိုး လမ်းသွားလာမှုများ ရပ်ဆိုင်းနေကြောင်း မိုင်းယု ၁၀၅ မိုင်နေသူ ဦးသန်းမောင်က ပြောဆိုသည်။

လားရှိုး-မူဆယ်လမ်းပေါ်ရှိ သီန္နီအဝင် တံတားလည်း မိုင်းခွဲခံရပြီး ကုန်တင်ယာဉ်များ သွားလာနိုင်ခြင်းမရှိဘဲ အိမ်စီးကားများသာ သွားလာနိုင်ကြောင်းနှင့် ကုန်သည်အချို့လည်း လမ်းတွင်ပိတ်မိနေကြောင်း စီးပွားရေး လုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။

၁၀၅ မိုင်ကုန်သွယ်မှုဇုန်ကို ဘာကြောင့်တိုက်ခိုက်သည် ဆိုသည်နှင့်ပတ်သက်၍ အစိုးရဘက်က ထုတ်ပြန်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို The Voice မှ ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပြီး ယခုအချိန်ထိ ဆက်သွယ် နိုင်ခြင်း မရှိသေးပေ။

မူဆယ်မြို့ ကုန်သွယ်ရေးဇုံ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ်များနှင့် ထိခိုက်ဒဏ်ရာရ သေဆုံးမှုများအား ဆက်လက် ထုတ်ပြန်သွားမည်ဟုလည်း အစိုးရ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

# The Voice


Leave a Reply