ဧရာဝတီမြစ်ဆုံ၊ မြစ်ညာတွင် တည်ဆောက်မည့် ရေအားလျှပ် စစ်စီမံကိန်းများနှင့် ပတ်သက်၍ ဒေသခံများက သဘောထားထုတ်ပြန်

13081804_1136480829709399_320826700_n

ဧရာဝတီ မြစ်ဆုံ၊ မေခမြစ်၊ ငေါ်ချမ်းခချောင်း ရိုးတစ်လျှောက်တွင် တည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်းများ အားလုံးကို ရပ်ဆိုင်းပေးရန် ချီဖွေ၊ ဆော့လော် မြို့နယ်ရှိ မေခနှင့် ငေါ်ချမ်းခမြစ်ရိုးတစ်လျှောက်တွင် နေထိုင်သည့် ဒေသခံများက နိုင်ငံတော်သမ္မတထံသို့ စက်တင်ဘာ ၂၇ ရက်က အိတ်ဖွင့်စာပေးပို့ပြီး တောင်းဆို လိုက်သည်။

ဧရာဝတီမြစ်ဆုံ၊ မြစ်ညာ၊ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းနှင့် ငေါ်ချမ်းခ ရေအားလျှပ်စစ်စီမံကိန်းများနှင့်ပတ်သက်ပြီး ချီဖွေ၊ ဆော့လော် ဒေသခံပြည်သူများ၊ ရပ်မိရပ်ဖများ ဦးရေ ၇၀ ကျော်သည် စက်တင်ဘာ ၂၂ ရက်မှ ၂၃ ရက်နေ့အထိ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကိုပြုလုပ်ခဲ့ပြီး ယင်းအလုပ်ရုံဆွေးနွေးပွဲမှ ရရှိသည့်အချက် အလက် များကို အခြေခံကာ စက်တင်ဘာ ၂၇ ရက်တွင် ဒေသခံပြည်သူလူထုတို့၏ သဘောထားကို ထုတ်ပြန်လိုက်သည်။

ချီဖွေမြို့နယ်မှ ဒေသခံတစ်ဦးဖြစ်သူ ဒေါ်ယော်ဝင်းက “ဒေသခံပြည်သူတွေရဲ့ သဘောထားဆန္ဒကို နိုင်ငံတော် သမ္မတကြီးဆီသို့ ဒီနေ့ (စက်တင်ဘာ ၂၇) ရက်နေ့မှာ အိတ်ဖွင့်ပေးစာရေးသားပို့ပေးလိုက်တယ်။ ကျွန်မတို့ဒေသခံတွေ အနေနဲ့ကတော့ ရေအားလျှပ်စစ် စီမံကိန်းတွေကို ကန့်ကွက်ပါတယ်။ လုံးဝသဘောမတူပါဘူး” ဟု ဒီမိုကရေစီတူဒေး သို့ပြောသည်။

ချီဖွေ၊ ဆော့လော်မြို့နယ်ရှိ မေခနှင့် ငေါ်ချမ်းခမြစ်ရိုးတစ်လျှောက် ဒေသသည် လော်ဝေါ်၊ လချိဒ်၊ ငေါ်ချမ်းနှင့် လီဆူတိုင်းရင်းသားများ အတူတကွ ပေါင်းစည်းနေထိုင် ကြသော ဒေသဖြစ်ကြောင်း၊ ဒေသခံများအနေဖြင့် မေခမြစ်နှင့် ငေါ်ချမ်းခချောင်းရိုးတစ်လျှောက်ရှိ ကျေးရွာပေါင်း ခန့်မှန်းခြေ ၆၈ ရွာခန့်ရှိပြီး ယင်းကျေးရွာများသည် ရေမြုပ်ဧရိယာ ကျရောက်သွားနိုင်ပြီး ဒေသခံ လူဦးရေ ၃၀၀၀၀ ကျော် ပြောင်းရွှေ့ရနိုင်ကြောင်း၊ တန်ဖိုးမဖြတ်နိုင်သော သမိုင်းဝင် အမွေအနှစ်ဝင် မြေပေါ် မြေအောက် ရေပေါ်ရေအောက်ရှိ သဘာဝသယံဇာတ အရင်းအမြစ်များနှင့် ရေနေ၊ ကုန်းနေ သတ္တ၀ါများ၊ မျိုးစိတ်များ မျိုးသုဉ်းပျောက်ကွယ် ဆုံးရှုံးနိုင်ကြောင်း၊ စဉ်ဆက် မပြတ် လုပ်ကိုင်လာခဲ့သော ဘိုးဘွားပိုင် နယ်မြေများနှင့် လှေကားထစ် လယ်ယာစိုက်ပျိုးရေးစနစ်၊ ဥယျာဉ်ခြံမြေများ ပျောက်ကွယ်ဆုံးရှုံးပြီး လယ်မဲ့၊ ယာမဲ့ တောင်သူများဖြစ်လာနိုင်ပြီး စားကျက်မြေများပျောက်ဆုံးသောကြောင့် အိမ်တွင်း တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများကိုပါ ထိခိုက်လာနိုင်ကာ အသက်မွေးဝမ်း ကျောင်း လုပ်ငန်း ပြဿနာဖြစ်ပေါ်လာနိုင်ကြောင်း သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒေသခံများ၏ သဘောထားထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံတွင် မည်သည့်စီမံကိန်းမဆို အစိုးရခေတ် အဆက်ဆက်က ဒေသ ခံပြည်သူ့သဘောထားဆန္ဒမပါသော ဗဟိုထိန်းချုပ်မှုစနစ်ဖြင့်သာ စီမံခန့်ခွဲအုပ်ချုပ်ခဲ့သောကြောင့် မလိုလားအပ် သော လူမှုရေးပြဿာ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်နစ်နာမှုနှင့် လက်နက်ကိုင် ပဋိပက္ခပြဿနာဖြစ်ပေါ်နေ ကြောင်း၊ ဧရာဝတီမြစ်ဆုံ၊ မြစ်ညာ၊ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းနှင့် ငေါ်ချမ်းခ ရေအားလျှပ်စစ်စီမံကိန်းများ သည်လည်း ယခင်အစိုးရ လက်ထက်တွင် ဒေသခံပြည်သူများ၏ သဘောထားဆန္ဒ ပါဝင်ဆုံးဖြတ်ပိုင်ခွင့်မရှိခဲ့သော စီမံကိန်းဖြစ်ကြောင်း ဖော်ပြထားသည်။

ယင်းကဲ့သို့ ဒေသခံလူထု၏ ဆုံးရှုံးနစ်နာမှုအများဆုံးဖြစ်သော ဧရာဝတီမြစ်ဆုံ၊ မေခမြစ်နှင့် ငေါ်ချမ်းခ ချောင်းရိုး တစ်လျှောက်တွင် ရေအား လျှပ်စစ်စီမံကိန်းများ တည်ဆောက်ရန်နှင့်ပတ်သက်၍ ဒေသခံပြည်သူလူထုများက လုံးဝ (လုံးဝ) သဘောမတူကြောင်း၊ ဒေသခံပြည်သူများ သဘောထားဆန္ဒ ဆုံးဖြတ်ချက်မပါသော ပွင့်လင်း မြင်သာမှု မရှိသော ဧရာဝတီမြစ်ဆုံ၊ မေခမြစ်၊ ငေါ်ချမ်းခချောင်းရိုးတစ်လျှောက်တွင် တည်ဆောက်မည့် ရေအားလျှပ်စစ် စီမံကိန်းများအား လုံးရပ်ဆိုင်းပေး ပါရန် ဒေသခံများက တောင်းဆ ထားသည်။ #Democracytoday


Leave a Reply