ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် မြို့ပြစီမံကိန်းမဟာဗျူဟာသစ် YHT ထုတ်ပြန်

13081804_1136480829709399_320826700_n

ရန်ကုန်မြို့ကို အနာဂတ်တွင် နိုင်ငံတကာ အနုပညာနှင့် ယဉ်ကျေးမှုအချက် အချာမြို့ဖြစ်လာရေးအထိ စုံလင် သောလုပ်ငန်းစီမံချက် ၂၄ ရပ်ပါဝင်သည့် ရန်ကုန်မြို့ပြ အမွေ အနှစ်ထိန်း သိမ်းစောင့်ရှောက်ရေးနှင့် မြို့ပြစီမံကိန်း မဟာဗျူဟာသစ်ကို Yangon Heritage Trust(YHT) က စက်တင်ဘာ ၂၇ ရက်က ထုတ်ပြန်လိုက်သည်။

ရန်ကုန်မြို့ပြအမွေအနှစ်ထိန်း သိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ပြုစုရေးသားထားသော ရန်ကုန်မြို့ပြ အမွေအနှစ် မဟာဗျူဟာတွင် မြေပုံများ၊ သရုပ်ဖော်ပုံများ ဝေဝေ ဆာဆာ ပါရှိသော စာမျက်နှာပေါင်း ၁၅၀ ပါရှိကြောင်း၊ မြို့ပြ အမွေအနှစ်များထိန်း သိမ်းစောင့်ရှောက်ရေးနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျှော်မှန်းချက်နှင့် နည်းဗျူဟာများကို ဖော်ပြထားကြောင်း၊ မဟာဗျူဟာတွင် စိမ်းလန်းနယ်မြေများ တိုးချဲ့ရေး၊ ရန်ကုန်မြို့လယ်ရှိ လမ်းစနစ်များကို အဆင့်မြှင့်တင်ရေး စသည့်လုပ်ငန်း စီမံချက်များလည်း ပါဝင်ကြောင်း သိရသည်။

“ရန်ကုန်မြို့ကို ဒေသတွင်းမှာ အရေးပါတဲ့မြို့တစ်မြို့ဖြစ်လာအောင် အသစ်နဲ့အဟောင်း မှန်ကန်စွာ ရောယှက်နိုင်ရမယ်။ မြို့ကို ခေတ်မီစေပြီး တစ်ချိန်တည်းမှာပဲ သူမတူတဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ကာကွယ်နိုင်ရမယ်။ နေချင်စဖွယ်ဖြစ်အောင် စီမံနိုင်ရပါလိမ့်မယ်။ အနာဂတ် ရင်းနှီးမြှုပ်နှံမှုတွေ၊ ပညာရှင်တွေကို ဆွဲဆောင် ပြီး ထိန်းသိမ်းထားနိုင်ဖို့ ရန်ကုန်မြို့ကို စိတ်ကူးသစ်နဲ့ဖန်တီးတဲ့ လုပ်ငန်းသစ်တွေရဲ့ အချက်အချာဖြစ်စေဖို့က အဓိက သော့ချက်ပဲဖြစ်ပါတယ်” ဟု YHT ၏ ဥက္ကဋ္ဌ ဒေါက်တာသန့်မြင့်ဦးက ပြောသည်။

ရန်ကုန်မြို့ပြအမွေအနှစ်ထိန်း သိမ်းရေးစောင့်ရှောက်ရေးအဖွဲ့ကို ၂၀၁၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး၊ ယင်းအဖွဲ့သည် ရန်ကုန်မြို့၏ တည်ဆောက်ထားသော ယဉ်ကျေးမှုအမွေအနှစ်များ၊ အံ့မခန်းသော ဗိသုကာ လက်ရာများ၊ အသွေးစုံလင်လှသော လူမှုအသိုင်းအဝိုင်းများအား ထိန်းသိမ်းစောင့်ရှောက်ရာတွင် အားပေး ထောက်ပံ့ခဲ့ခြင်း၊ မြို့ပြစီမံကိန်းဆိုင်ရာကဏ္ဍများနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင် ရွက်ခြင်း အစရှိသည်တို့ကို ဆောင်ရွက်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ရန်ကုန်မြို့ရဲ့ အနာဂတ်ဖွံ့ဖြိုး တိုးတက်မှုလမ်းမှန်ပေါ် ရောက်ရှိလာဖို့ ဒီမဟာဗျူဟာက ထောက်ပံ့ပေးနိုင်ပါလိမ့်မယ်။ ဒီထဲမှာ တည်ဆောက်ပြီးဖြစ်တဲ့ ယဉ်ကျေးမှုနဲ့ သဘာဝဆိုင်ရာ အမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက် ခြင်းရဲ့တန်ဖိုးနဲ့ အကျိုးကျေးဇူးကို တင်ပြထားပါတယ် ” ဟု YHT ၏ ဒုတိယဥက္ကဋ္ဌနှင့် ဒါရိုက်တာဖြစ်သူ ဒေါ်မိုးမိုးလွင်က ပြောသည်။

လေးနှစ်တာကာလအတွင်း ပြည်တွင်းပြည်ပမှ ပညာရှင်များ၊ အစိုးရ၊ စီးပွားရေးနှင့် ရန်ကုန်မြို့တွင် နေထိုင် လုပ်ကိုင်နေကြသည့် သာမန်မြို့ခံများနှင့် ဆွေးနွေးမှုများမှ ရရှိလာသည့် စိတ်ကူးနှင့် အကြံဉာဏ်များကို အဆိုပါ မဟာဗျူဟာထဲတွင် စုစည်း တင်ပြထားကြောင်း၊ ယင်းမဟာဗျူဟာသည် အစိုးရအတွက်လည်း အကျိုးရှိပြီး အများ ပြည်သူများ ဆွေးနွေးညှိနှိုင်းသည့်အခါ၌လည်း အထောက်အပံ့ဖြစ်စေနိုင်မည်ဖြစ်ကြောင်း သိရသည်။

#Democracytoday


Leave a Reply