ဧည့်စာရင်းပုဒ်မဆက်ထားရန် တပ်ကိုယ်စားလှယ်များ ဆွေးနွေး

13081804_1136480829709399_320826700_n

ဧည့်စာရင်းတိုင်ကြားရသည့်စနစ်ကို ဆက်ထားသင့်ကြောင်းအမျိုးသားလွှတ်တော်၌ တပ်မတော်သားကိုယ်စားလှယ်များ ကဆွေးနွေးခဲ့ကြသည်။ ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဥပဒေ တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်၌ စက်တင်ဘာ (၂၇) ရက်က ဆွေးနွေးစဉ် ထည့်သွင်း ပြောကြားခဲ့ကြသည်။

ရပ်ကျေးဥပဒေကိုပြင်ဆင်ရာတွင် အမျိုးသားလွှတ်တော်က ဧည့်စာရင်းပုဒ်မများကို ပယ်ဖျက်ခဲ့သော်လည်း ပြည်သူ့ လွှတ်တော်က ဧည့်စာရင်းပုဒ်မကို ပြင်ဆင်ပြဋ္ဌာန်း ခဲ့သည်။ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုအတွင်း တစ်လနှင့် အထက် ကျော်လွန်၍ လာရောက်တည်းခိုနေထိုင်သူများရှိပါက လူမှုအထောက်အကူပြုနိုင်ရန် သတ်မှတ် နည်းလမ်း များနှင့်အညီ အသိပေးအကြောင်းကြားရမည် ဆိုသောအချက်ကို ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သော ဥပဒေ ကြမ်းတွင် ထည့်သွင်းထား သည်။

တပ်မတော်သားကိုယ်စားလှယ်များက ပြည်သူ့လွှတ်တော်၏ အတည်ပြုချက်ကို ထပ်မံပြင်ဆင်၍ အတည်ပြုပေးရန် ဆွေးနွေးခဲ့ကြသည်။

တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးတင်အောင်မိုးက ပြည်သူ့လွှတ်တော်၏ အတည်ပြုချက်တွင် ‘‘တစ်လနှင့် အထက်ကျော်လွန်၍’’ ဟူသော အချိန်ကန့်သတ်ချက် ကို ထည့်သွင်းခြင်းမပြုဘဲ ပြင်ဆင်အတည်ပြုလိုကြောင်း ဆွေးနွေး ခြင်းဖြစ်သည်။ ‘‘ဒီအချိန်ကန့်သတ်ချက်က လုံခြုံရေးအတွက် များစွာအန္တရာယ်ကြီးမားပါတယ်’’ ဟု ၎င်းက ပြောသည်။

ယခုကာလတွင် နိုင်ငံတော်အတွင်း လက်နက်ကိုင်အဖွဲ့အစည်းများ၊ မူးယစ်ဆေးဝါးပြဿနာများနှင့် နိုင်ငံတကာ၌ ခြိမ်းခြောက်လျက်ရှိသော အကြမ်းဖက်အဖွဲ့အစည်း များ၊ လူကုန်ကူးမှုပြဿနာများနှင့် လှေစီးဒုက္ခသည်များအရေး ကြိုတင်မျှော်တွေးပြီး လုံခြုံရေးရှုထောင့်အရ လာရောက်တည်းခိုနေထိုင်သူများက ရပ်ကွက်အုပ်ချုပ် ရေးမှူးထံ လာရောက် အသိပေးရန် လိုအပ်သဖြင့် ထောက်ခံရခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

ဒုတိယဗိုလ်မှူးကြီးအောင်ကျော်ဇောကမူ ‘‘ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုအတွင်း ပြင်ပမှ လာရောက်တည်းခို နေထိုင်သူများရှိပါက လုံခြုံရေး၊ လူမှုရေးအရ လိုအပ်ခဲ့လျှင် မှတ်တမ်းအဖြစ် အထောက်အထားရယူနိုင်ရန် နှင့် လူမှု အထောက်အကူပြုနိုင်ရန်အတွက် သတ်မှတ်နည်းလမ်းများနှင့်အညီ အသိပေးအကြောင်း ကြားရမည်’’ ဟု ပြင်ဆင် ပြဋ္ဌာန်း ရန်တင်ပြသည်။

ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သော လူသတ်မှုများ၊ အိမ်တွင်း ကလေးသူငယ်အကြမ်းဖက်မှုများ၌ သတ်မှတ်စည်းမျည်း စည်းကမ်းများနှင့်အညီ အသိပေး မှတ်ပုံတင်ထားခဲ့ ပါက တရားခံများ ရှာဖွေဖော်ထုတ်ရာတွင် အထောက်အကူပြုမည် ဖြစ်ကြောင်း   ၎င်းကပြောသည်။

ဒီချုပ်ကိုယ်စားလှယ်များကမူ ဧည့်စာရင်းပုဒ်မကို လုံးဝပယ် ဖျက်ရန်ဆွေးနွေးခဲ့ကြသည်။ လွှတ်တော်ဥက္ကဋ္ဌက ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များကို ဥပဒေကြမ်း ကော်မတီက ပြန်လည်ကြားနာရန်   ဆုံးဖြတ်ခဲ့သည်။

ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးစဉ်ကလည်း နိုင်ငံတော်လုံခြုံရေးအတွက် ဧည့်စာရင်းတိုင်ကြားရသည့် ပြဋ္ဌာန်းချက်ကို မပယ်ဖျက်ဘဲ မူလအတိုင်းသာထားရှိရန် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့် ပြည်ထဲရေး ဒုဝန်ကြီး တို့က တင်ပြခဲ့သည်။

သို့သော် ပြည်သူ့လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာပယ်ဖျက်ရန် ထောက်ခံသူများသောကြောင့် ဧည့်စာရင်းတိုင်ကြား ရမည့်အချက်ကို ပယ်ဖျက်ခဲ့ခြင်းဖြစ်သည်။ ဥပဒေကြမ်းနှင့် ပတ်သက်၍ လွှတ်တော်နှစ်ရပ်သဘောထား ကွဲလွဲပါက ပြည်ထောင်စုလွှတ်တော်၌ အဆုံးအဖြတ် ခံယူရမည် ဖြစ်သည်။ # 7 Day Daily


Leave a Reply