မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တွင် တစ်မြို့လုံးနီးပါး နိုင်ငံတော်သီချင်းဖွင့် ၍ ပြည်သူများ အလေးပြုခြင်း အစီအစဉ် စတင်

13081804_1136480829709399_320826700_n

ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားနယ်စပ် ဂိတ်ဝတွင် ဇူလိုင် ၂၂ ရက်မှစတင်၍ နိုင်ငံတော်သီချင်း စတင်ဖွင့်လှစ် အလေးပြုခြင်း အစီအစဉ်စတင်ခဲ့ပြီးနောက် ယခု အခါ စက်တင်ဘာ ၂၆ ရက်မှစတင်၍ မြဝတီတစ်မြို့လုံးနီးပါး နိုင်ငံတော်သီချင်း ဖွင့်လှစ်၍ အလေးပြုနိုင်ရန် ထပ်မံဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးသည် မြို့နယ်စည်ပင်ကော်မတီဥက္ကဋ္ဌ ဦးသန်းရွှေနှင့် ရပ်မိရပ်ဖများ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်း၍ မြဝတီမြို့ ကြံခင်း ကျောင်းမီးပွိုင့်၊ နတ်သျှင်နောင်လမ်းမီးပွိုင့်နှင့် ဘုရင့်နောင်ဈေးအနီး မီးပွိုင့်တို့တွင် အသံချဲ့စက်များ တပ်ဆင်၍ စေတနာရှင်များ၏ အကူအညီဖြင့် ယခုကဲ့သို့ နိုင်ငံတော်သီချင်းဖွင့်လှစ်၍ အလေးပြုနိုင်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

ယခင်က နိုင်ငံတော်သီချင်း ဖွင့်သည့်လေးနေရာသည် ဖွင့်လှစ်သည့်အချိန် တူညီမှုမရှိသဖြင့် အဆိုပါလေးနေရာ နှင့်တကွ တစ်မြို့လုံးနီးပါး တစ်ပြိုင်တည်း ဖွင့်လှစ် နိုင်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ ပထမဦးဆုံး စပြီးလုပ်တာက မြို့တွင်းက စာသင်ကျောင်းတွေမှာ နိုင်ငံတော်သီချင်းဆိုရင် အနီး ဝန်းကျင်ကပြည်သူတွေကိုပါ အလေးထား ဂါရဝပြုပေးဖို့ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ တိုင်ပင်ပြီး စတင်ဆောင်ရွက်တာပါ။ အခုအဲဒီဆောင်ရွက်ချက် အောင်မြင်တော့ အခုအစီအစဉ်ကို ထပ်မံအကောင် အထည် ဖော်လိုက်တာပါ။ ပြည်တွင်းက လုပ်သားပြည်သူတွေတင်မကဘဲ ထိုင်းနိုင်ငံသားနဲ့ တတိယနိုင်ငံသားတွေပါ မတ်တတ် ရပ်ဂါရဝပြုကြတာတွေ့ရတော့ ရင် ထဲမှာဝမ်းသာမိသလို ကိုယ့်နိုင်ငံ သား အားလုံးဟာ အမျိုးသားရေး စိတ်၊ နိုင်ငံကို ချစ်တဲ့စိတ်တွေရှိနေ ကြပါလားဆိုပြီး ပီတိဖြစ်မိတာပေါ့ ဗျာ ” ဟု မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးကပြောသည်။

နိုင်ငံတော်သီချင်းဖွင့်လှစ်၍ အလေးပြုခြင်းအစီအစဉ်ကို နေ့စဉ် နံနက် ၉ နာရီတွင်တစ်ကြိမ်၊ ညနေ ၃ နာရီခွဲတွင် တစ်ကြိမ် တစ်နေ့နှစ် ကြိမ်ဖွင့်ကြောင်း သိရသည်။

#Democracytoday


 


Leave a Reply