လာလီဂါချန်ပီယံဆုကို ဘာစီလိုနာ ပြန်လည်ရယူ

စပိန်ထိပ်တန်းကလပ် ဘာစီလိုနာဟာ နှစ်အတန်ကြာ ဝေးကွာနေခဲ့တဲ့ လာလီဂါချန်ပီယံဆုကို ဒီရာသီမှာ ပြန်လည်ရယူနိုင်ခဲ့ပါတယ်။ ပွဲစဉ် ၃၄ အဖြစ် တနင်္ဂနွေညက အက်စ်ပန်ညိုအသင်းနဲ့ အဝေးကွင်းမှာ ယှဉ်ပြိုင်ခဲ့ရပေမယ့် ဘာစီလိုနာအသင်း ခြေစွမ်းပြပြီး ဦးဆောင်ဂိုးတွေ ဆက်တိုက်သွင်းကာ ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။
ဒါကြောင့် ရာသီကုန်ဖို့ ၄ ပွဲသာ လိုတော့တဲ့အချိန်မှာ အဆင့် ၂ နေရာက ပြိုင်ဘက် ရီးရဲလ်အသင်းကို ၁၄ မှတ်ထိဖြတ်ပြီး လာလီဂါချန်ပီယံဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်း အတွက် ၂၀၁၉ ခုနှစ်နောက်ပိုင်း လာလီဂါချန်ပီယံဆုကို တစ်ကျော့ပြန်ရရှိခဲ့တာပါ။ ဒီရာသီ လာလီဂါ ၃၄ ပွဲမှာ ဘာစီလိုနာအသင်းအနေနဲ့ ၂၇ ပွဲအထိ အနိုင်ရခဲ့တာဖြစ်သလို တိုက်စစ်မှူး လီဝန်ဒေါစကီး အနေနဲ့ လည်း ဒီရာသီ သူ့ရဲ့လာလီဂါသွင်းဂိုး ၂၀ မြောက်ကို အခုပွဲမှာ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
အဓိက တိုက်စစ်မှူး မက်ဆီ ထွက်ခွာသွားပြီးနောက်ပိုင်းနဲ့ နည်းပြဇာဗီလက်ထက် ပထမဆုံးရရှိတဲ့ လာလီဂါ ချန်ပီယံဆုလည်းဖြစ်လို့ ပွဲအပြီးမှာ ဘာစီလိုနာအသင်းသားတွေ ကွင်းအတွင်း ပျော်ရွှင်စွာနဲ့ အောင်ပွဲခံခဲ့ ကြပေမယ့် တန်းဆင်းအန္တရာယ်ရှိနေတဲ့ အက်စ်ပန်ညိုအသင်းရဲ့ပရိသတ်တွေ ကွင်းအတွင်းဝင်လာခဲ့ တာကြောင့် အလျင်အမြန်ထွက်ခွာခဲ့ရပါတယ်။