မြောက်ကိုရီးယားကိုတန်ပြန်ရန် တောင်ကိုရီးယား၊ အမေရိကန်နှင့် ဂျပန်တို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်

တောင်ကိုရီးယား၊ အမေရိကန်နဲ့ ဂျပန်နိုင်ငံတို့ဟာ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့နဲ့ မြောက်ကိုရီးယားရဲ့ ပြောင်းလဲလာတဲ့ ဒုံးကျည်ခြိမ်းခြောက်မှုတွေကို ပိုကောင်းကောင်း တုံ့ပြန်ဖို့ ဧပြီ ၁၇ ရက်မှာ ပူးတွဲ ရေတပ်၊ ဒုံးကျည် ကာကွယ်ရေး စစ်ရေးလေ့ကျင့်ခဲ့တယ်လို့ တောင်ကိုရီးယား ရေတပ်က ပြောပါတယ်။

သံတမန်ရေးနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ ကြိုးပမ်းရာမှာ သုံးနိုင်ငံဟာ ဒုံးကျည်ကာကွယ်ရေးနဲ့ ရေငုပ်သင်္ဘော တိုက်ဖျက်ရေး လေ့ကျင့်ခန်းတွေကို ပုံမှန်ကျင်းပဖို့ ဝါရှင်တန်မှာ ဧပြီ ၁၄ ရက်က ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲမှာ သဘောတူခဲ့ပါတယ်။

တောင်ကိုရီးယားနဲ့ ဂျပန်ကြား နိုင်ငံတကာ ရေပိုင်နက်ထဲမှာ တနင်္လာနေ့က စစ်ရေးလေ့ကျင့်ရာမှာ တောင်ကိုရီးယားရဲ့ တန်ချိန် ၇,၆၀၀ အလေးချိန်ရှိတဲ့ ကာကွယ်ထောက်ပံ့ရေး ဖျက်သင်္ဘော ယူဂိုယိ-ဝမ်း၊ အမေရိကန်ပဲ့ထိန်းဒုံးကျည်သုံး ဖျက်သင်္ဘော USS ဘန်းဖို့လ်ဒ်နဲ့ အာတာဂို အဆင့်ဖျက်သင်္ဘော အီးဂျက်စ်၊ တိုက်ခိုက်ရေး ရေဒါစနစ်တွေ တပ်ဆင်ထားတဲ့ ဂျပန်ကာကွယ် ထောက်ပံ့ရေး ဖျက်သင်္ဘောတို့လည်း ပါခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးကျည်ကို ရန်စတဲ့ မြင်ကွင်းတစ်ခုမှာ အတုံ့အလှည့်အဖြစ် ပစ်မှတ်တစ်ခုကို ဖန်တီးရင်း ထောက်လှမ်းခြင်းနဲ့ ခြေရာခံခြင်းအထိ တုံ့ပြန်ခြင်း ဆိုင်ရာလုပ်ထုံးလုပ်နည်းတွေကို ကျွမ်းကျင်ပိုင်နိုင်မှု ရှိရှိ အာရုံစိုက်ထားတယ်လို့ တောင်ကိုရီးယား ရေတပ်က ပြောခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ မကြာသေးမီ သီတင်းပတ်တွေအတွင်း သူ့ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ တိုးလာတာရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် လောင်စာခဲသုံးထားတဲ့ တိုက်ချင်းပစ် ပဲ့ထိန်း ဒုံးကျည်အသစ် (ICBM) ကို စမ်းသပ်ခဲ့တယ်လို့ မြောက်ကိုရီးယားက သောကြာနေ့မှာ ကြေညာခဲ့ပါတယ်။

ဒီဒုံးကျည်ဟာ သတိပေး ချက်နည်းနည်းနဲ့ ပစ်လွှတ်ဖို့ လွယ်ကူစေလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။