ထိုင်းနိုင်ငံတွင် လူကုန်ကူးခံခဲ့ရသည့် မြန်မာနိုင်ငံသား၂၃ ဦးအားပြန်လည်လွှဲပြောင်းပေး

ထိုင်းနိုင်ငံတွင် လူကုန်ကူးခံခဲ့ရသည့် မြန်မာနိုင်ငံသား ၂၃ ဦးအား မတ် ၂၉ ရက်နံနက် ၁၀ နာရီတွင် ထိုင်းနိုင်ငံတာဝန်ရှိသူများက မြန်မာနိုင်ငံမှတာဝန်ရှိသူများထံ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၊တာ့ခ်ခရိုင်ရှိ ခရိုင်လူဝင်မှုကြီးကြပ်ရေးရုံး၌ ထိုင်းနိုင်ငံတာဝန်ရှိသူများက လွှဲပြောင်းပေးခဲ့ရာ မြန်မာနိုင်ငံမှ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊မြဝတီမြို့ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာ၏ ဦးစီးအရာရှိနှင့်တာဝန်ရှိသူများက လက်ခံခဲ့ကြောင်း သိရသည်။

လူကုန်ကူးခံခဲ့ရသည့် မြန်မာနိုင်ငံသား ကလေးငယ် ၆ ဦး၊အမျိုးသား ၁၁ ဦးနှင့်အမျိုးသမီး ၆ ဦး (စုစုပေါင်း ၂၃ ဦး)အား ထိုင်းနိုင်ငံ၊လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့်လူထုလုံခြုံရေးဝန်ကြီးဌာနအောက်ရှိ ဂေဟာများတွင် လက်ခံ စောင့်ရှောက်ထား ပြီးနောက် တရားစီရင်ရေးလုပ်ငန်းများပြီးဆုံးချိန်တွင် ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။

ပြန်လည်လွှဲပြောင်းပေးခဲ့သည့် မြန်မာနိုင်ငံသားများပိုင်ဆိုင်သည့် ပစ္စည်းများ၊ငွေကြေးများ၊ ၎င်းတို့နှင့်သက်ဆိုင်သည့် စာရွက်စာတမ်းအထောက်အထားများကိုလည်း ထိုင်းနိုင်ငံတာဝန်ရှိသူများက လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ပြန်လည်လက်ခံခဲ့သည့် မြန်မာနိုင်ငံသားများအား မြဝတီ-မဲဆောက် အမှတ်(၁)ချစ်ကြည်ရေးတံတားမှတဆင့် ပြန်လည်ခေါ်ဆောင်လာပြီးနောက် မြဝတီမြို့ရှိ ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာသို့ ပို့ဆောင်ပေးခဲ့ကြပြီး နေရပ်များသို့ပြန် လည်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။